ကျောင်းသား၊ကျောင်းသူ ၃၆ ဦး ဒဏ်ရာရပြီး စာသင်ကျောင်း ၁၈ ကျောင်းပျက်စီး
အောက်တိုဘာ-၅၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အခု ၂၀၂၅ ဇန်နဝါရီu စက်တင်ဘာအထိ စာသင်ကျောင်း (၁၈) ကျောင်းထိခိုက်ပျက်စီးခဲ့ရပြီး၊ ကျောင်းသား၊ ကျောင်းသူ ၁၅ဦး သေဆုံးခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က သတင်းထုတ်ပြန်ပါတယ်။
ကျောင်းသားကျောင်းသူ (၃၆) ဦးနဲ့ ဆရာ၊ ဆရာမ (၂) ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement
ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ မှာ KNUက နယ်မြေအတွင်း ပညာရေးကဏ္ဍဆိုင်ရာနဲ့ပတ်သက်ပြီး အသိပေး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက်ပိုင်းမှာ KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းနေထိုင်တဲ့ ပြည်သူလုထုတွေရဲ့ ပညာရေးကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိ စာသင်ကျောင်းတွေကို ပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ အဆက်မပြတ် ကျူးလွန်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီလို ကျူးလွန်ခဲ့တာကြောင့် စာသင်ကျောင်းများစွာ ထိခိုက်ပျက်စီးခဲ့ရပြီး၊ ကျောင်းသား၊ ကျောင်းသူများနဲ့ ဆရာ၊ ဆရာမတွေဟာ ကြောက်ရွံမှုများကြားမှာ ပညာသင်ကြားနေကြရတာလို့ အသိပေးပါတယ်။
“ကလေးသူငယ်များ၏ ပညာရေးအတွက် အနစ်နာခံပေးဆပ်နေသော ကျောင်းဆရာ၊ ကျောင်းဆရာမများအား ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံးမှ တန်ဖိုးထားဂုဏ်ပြုပါသည်။အခက်အခဲများနှင့် စိန်ခေါ်မှုများကြုံတွေ့ရသော်လည်း အနစ်နာခံကာ ပညာအလင်းထွန်းညှိပေးသည့်အတွက် ဆရာ၊ ဆရာမ တစ်ဦးချင်းစီအား ထပ်မံအသိမှတ်ပြုပြီး လေးစားဂုဏ်ပြုအပ်ပါသည်”လို့ KNU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း“အခက်အခဲကြားက ဆရာဆရာမတွေ လုပ်ဆောင်ကြတဲ့အခါမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း အန္တရာယ် စစ်ကြောင်းထိုးတဲ့ အန္တရာယ် အန္တရာယ်မျိုးစုံကြားက ဖက်ဒရယ်ကို ရင်းနှီးကျွမ်းဝင်ဖို ဆရာဆရာမတွေကပဲ လမ်းပြပေးနေခြင်းဖြစ်ပါတယ်”လို့ ဒီကနေ့ ဆရာများနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ပညာနဲ့ တော်လှန်နေကြတဲ့ဆရာဆရာမတိုရဲ့ ရည်မှန်းချက်ပန်းတိုင်ကလည်း ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ဖြစ်လို လမ်းချင်းတူလို လူချင်းဆုံကြရတာဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။
၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (K.E.C.D) မှ ဦးဆောင်ကာ ကော်သူးလေ အုပ်ချုပ်နယ်မြေရှိ စာသင်ကျောင်းပေါင်း (၁,၇၃၈) ကျောင်းကို ဖွင့်လှစ်ထားပြီး၊ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၄၉,၇၆၂) ဦးအတွက် ဆရာ၊ ဆရာမပေါင်း (၁၁,၉၃၉) ဦးကို ခန့်ထားသင်ကြားပိုချလျက်ရှိတယ်လို့ ဆိုပါတယ်။
ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ လွတ်လပ်စွာ ပညာသင်ကြားခွင့်ရရှိရေးနဲ့ အသက်အန္တရာယ် စိုးရိမ်ရမှုများမှ ကင်းလွတ်စေဖို့ အတွက် စစ်အာဏာရှင်အုပ်စုကို သူတို့ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ဖိအားပေးဖို့နဲ့ အရေးယူမှုတွေ လုပ်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို KNU က တိုက်တွန်းထားပါတယ်။

















































