close
Connect with us

Hi, what are you looking for?

သတင်း

သီပေါမြို့ပေါ် စစ်ကောင်စီ ထပ်မံဗုံးကြဲလို့ ဘုန်းကြီးကျောင်း၊စာသင်ကျောင်းနဲ့ နေအိမ်တွေ ပျက်စီး

အာဏာသိမ်းစစ်ကောင်စီက ရှမ်းမြောက်က သီပေါမြို့ ဇတ်စုရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်း၊ဘုန်းကြီး ကျောင်းအပါအဝင် နေအိမ်အဆောက်အဦး ၁၃လုံး ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က အောက်တိုဘာ ၅ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သီပေါမြို့ ဇတ်စုရပ်ကွက်ကို စစ်ကောင်စီက ၂၀၂၅ အောက်တိုဘာ ၄ရက်မှာ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - TNLA

အောက်တိုဘာ-၅၊၂၀၂၅။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ရှမ်းမြောက်က သီပေါမြို့ ဇတ်စုရပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်း၊ဘုန်းကြီး ကျောင်းအပါအဝင် နေအိမ်အဆောက်အဦး ၁၃လုံး ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က အောက်တိုဘာ ၅ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ TNLAသိမ်းပိုက်ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အောက်တိုဘာ ၄ရက် ည ၈နာရီခွဲလောက်မှာ ထပ်မံဗုံးကြဲခဲ့တာပါ။

တိုက်လေယာဉ်နဲ့ ပေါင်၂၅၀ဗုံး လေးလုံးနဲ့ ပြည်သူလူထုရှိရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်လာတာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုအတွင်း လူထိခိုက်မှုရှိ၊မရှိကို ဖော်ပြမထားပါဘူး။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၄ရက်မှာဘဲ သီပေါမြို့ မန်ဟဲရွာ၊အုံမုရွာနဲ့ ကျင်သီကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ TNLAက အသိပေးပါတယ်။

ဒါ့အပြင် TNLAသိမ်းပိုက်ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်း‌‌ကျေးရွာကိုလည်း အောက်တိုဘာ ၄ရက်မှာဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၂ဦးသေဆုံးပြီး ကလေးငယ် ၆ဦး အပါဝင် ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ TNLAထိန်းချုပ်ထားတဲ့ မြို့ရွာတွေကိုသာမက ချင်း၊ ကချင်၊ ရက္ခိုင်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်း အရပ်သားပြည်သူတွေရှိရာ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၄ရက်ညပိုင်း သတင်းထုတ်ပြန်ချက်မှာ စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက် အားစိုက်ပြင်ဆင်နေသလို တဖက်မှာလည်း အရပ်သားပြည်သူတွေကို ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင်လာနေကြောင်း ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှ အခုနှစ် စက်တင်ဘာလကုန်ပိုင်းအထိ အချက်အလက်တွေအရ စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၃၇၅၀ခန့် ပြုလုပ်ခဲ့ရာ သေဆုံးသူ အရပ်သားပြည်သူ ၄၁၀၀ကျော်ရှိကြောင်း အသိပေးထားပါတယ်။

သေဆုံးသူတွေထဲမှာ အသက် (၁၈)နှစ်အောက် ကလေးသူငယ် ၅၅၉ဦး ပါဝင်ကြောင်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း (၃၇၄ )ကျောင်း၊ ဆေးရုံ၊ ဆေးခန်း (၁၂၉ )ခုနဲ့ ဘာသာရေးအဆောက်အအုံ (၅၇၆)ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့လည်း လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ