အောက်တိုဘာ-၂၊၂၀၂၅။People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ နဲ့ နောင်ချိုမြို့ကနေ ဆုတ်ခွားပေးလိုက်ရတဲ့အပေါ် သင်ခန်းစာတွေရယူပြီး လိုအပ်တဲ့ပြင်ဆင်မှုနဲ့ အားသာချက်၊အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောကြားပါတယ်။
တစ်နှစ်ကျော် သိမ်းပိုက်ထိန်းချုပ်ထားခဲ့တဲ့ ကျောက်မဲမြို့ကနေ TNLAတပ်တွေ အောက်တိုဘာ ၁ ရက်နေ့မှာဆုတ်ခွာပေးလိုက်ရအပြီး နောက်တရက်ဖြစ်တဲ့အောက်တိုဘာ ၂ ရက်မှာ People’s Spring ရဲ့ဆက်သွယ်မေးမြန်းမှုအပေါ် (TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောကြားတာ ဖြစ်ပါတယ်။
“ သင်ခန်းစာကတော့ အများကြီးရပါတယ်။အများကြီးဆိုတဲ့ တိုက်ပွဲနဲ့ တချို့ဟာတွေက အားလုံးလည်း သူ့ထင်မြင်ယူဆချက်နဲ့ ရေးနေတာမျိုးတွေ ရှိတယ်။ တချို့ကလည်း စာတွေ ပေးပို့ပြီးတော့မှ ရေးသားတာ မျိုးတွေရှိပါတယ်။ကျွန်မတို့ ဘက်ကလည်း သင်ခန်းစာတွေကတော့ ရယူပြီးတော့မှ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တဲ့ အားသာချက် အားနည်းချက် တွေကို ပြန်လည်သုံးသပ်ပြီးတော့မှ ဆောင်ရွက်သွားဖို့ရှိပါတယ်” လို့ လွေးယေဦးက ပြောပါတယ်။

Public Service Announcement
TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မဟာမိတ်တပ်တွေနဲ့အတူ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ ကျောက်မဲနဲ့ နောင်ချိုမြို့ကို စစ်တပ်က တန်ပြန်ထိုးစစ်ဆင်လာချိန်မှာ ဟန်ပြပဲတိုက်ခဲ့တာ မဟုတ်ဘူးလို့လည်း TNLAက ပြောပါတယ်။ အကောင်းဆုံး ခုခံကာကွယ်ခဲ့ပြီး စစ်ကောင်စီနဲ့ နိုင်ငံရေးသဘောတူညီမှုလည်း ရှိမထားဘူးလို့သူကဆက်ပြောပါတယ်။
လက်တလောမှာ ကျောက်မဲနဲ့ နောင်ချိုကို ယာယီဆုတ်ပေးလိုက်ရသာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
“ စစ်ရေးမှာတော့ အလှည့်အပြောင်းတွေတော့ရှိတယ် ပေါ့လေ။ ကိုယ်အရေးသာတဲ့ အချိန် ရှိသလို ကိုယ်အရေးနိမ့်တာ လည်း ရှိပါတယ်။ ပြင်ဆင်မှုအားကောင်းတဲ့သူကတော့ စစ်ရေးမှာ အနိုင်ရမှာဖြစ်ပါတယ်။ ဆိုတော့ ကျွန်မတို့ဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တဲ့ အားသာချက် အားနည်းချက်တွေ သင်ခန်းစာရယူပြီးတော့မှ ပြန်လည်ပြင်ဆင်ပြီးတော့မှ နောက်တစ်ခါဆိုတာ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ လောလောဆယ်ကတော့ ဘာမှ ရေရာသေချာ တာတော့ ပြောနိုင်ခြင်းတော့ မရှိသေးပါဘူး” လို့ လွေးယေဦးက ပြောပါတယ်။

















































