စက်တင်ဘာ – ၁၆ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျ ပျက်စီးပြီး လူရာနဲ့ချီကာ ပိတ်မိသေဆုံးခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုမှာရှာဖွေရှင်းလင်းရေး လုပ်ငန်းတွေကိုရပ်ဆိုင်းလိုက်ပြီလို့ကုမ္ပဏီဘက်ကအသိပေးပြောကြားလိုက်ပါတယ်။
ငလျင်အပြီး ခြောက်လနီးပါးကြာ ရုပ်အလောင်းရှာဖွေရေးလုပ်ဆောင်ခဲ့ပြီး ရုပ်အလောင်းတွေ မကျန်တော့တာကြောင့် ရှာဖွေရေး လုပ်ငန်းကို ရပ်ဆိုင်းလိုက်တာလို့ ကွန်ဒို ကို တည်ဆောက်စီမံတဲ့ NTL Company ရဲ့ Operation Manager ဦးလင်းလင်းထွန်းက စက်တင်ဘာလ ၁၅ ရက်မှာ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာပြောကြားခဲ့တာလို့သိရပါတယ်။
“ ရုပ်အလောင်းတွေ မကျန်တော့လို့ ရှာဖွေရေးတွေရပ်လိုက်ပြီ ၊ ကွန်ဒိုရှေ့ကလမ်းကိုလည်း ပြန်ဖွင့်ပေးလိုက်ပြီ”လို့ ကုမ္ပဏီနဲ့နီးစပ်သူတစ်ဦးကလည်း ပြောပါတယ်။

Public Service Announcement
ကွန်ဒိုအဆောက်အအုံပြိုကျချိန်ကတည်း က ပိတ်ထားတဲ့ ကွန်ဒိုရှေ့က လမ်း၆၀ လမ်းကိုလည်း ဒီနေ့ (စက်တင်ဘာ ၁၆ရက်)မှာ ပြန်ဖွင့်လိုက် တယ်လို့ သိရပါတယ်။
ကုမ္ပဏီဘက်က ရှာဖွေမှုရပ်ဆိုင်းလိုက်ပေမယ့် ရုပ်အလောင်းပြန်မသေးတဲ့သူတွေလည်း ရှိနေသေးပါတယ်။
သေဆုံးသူတစ်ဦးကို ကျပ်သိန်းတစ်ရာနှုန်းထောက်ပံ့ကြေးအဖြစ်ကုမ္ပဏီကပေးပေမယ့်သေဆုံးသူတွေရဲ့မိသားစုဝင်တွေက ထောက်ပံ့ကြေးအပေါ် ကျေနပ်မှုမရှိကြသလို ကုမ္ပဏီရဲ့ တောင်းပန်မှုကိုလိုလားနေကြတာပါ။
ထောက်ပံ့ကြေးလုံးဝမယူတဲ့မိသားဝင်တွေလည်း ရှိတယ်လို့သိရပါတယ်။
ကုမ္ပဏီက ထောက်ပံ့ကြေးအနေနဲ့ ပထမအသုတ်ကို စက်တင်ဘာ ၈ ရက်မှာ ၇၂ ဦး၊ ဒုတိယအသုတ်ကို စက်တင်ဘာ ၁၅ ရက် မှာ ၇၄ ဦး ပေးခဲ့တယ်လို့ သိရပါတယ်။
မီးသတ်က တော့ စက်တင်ဘာလ ၁၅ ရက်အထိ Sky Villa ကွန်ဒို ပြိုကျမှု မှာ ရုပ်အလောင်း ၂၀၇ လောင်းတွေ့ခဲ့ရပြီး အသက်ရှင်လျက်ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ ဆိုထားပါတယ်။
မန္တလေးမြို့ လမ်း ၆၀ ၊၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး လေးလုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်လှုပ်ခတ်ချိန် အဆောက်အဦး သုံးလုံးပြိုကျ သွားခဲ့တာပါ။
