စက်တင်ဘာ-၁၆၊၂၀၂၅။ဇော်ဝင်း/People’s Spring
ကမ္ဘာ့ရွှေစျေး ဆက်တိုက်တက်နေလို့ ပြည်တွင်းရွှေစျေးလည်း တကျပ်သား ကျပ်သိန်း ၈၀ကျော်လာပြီလို့ ရွှေ၊ငွေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။
အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းမှုနဲ့ ဘဏ်အတိုးနှုန်း လျှော့ချမယ့် သတင်းအပါအဝင် ဥရောပ-ရုရှားစစ်ရေးအခြေအနေတွေက ကမ္ဘာ့ရွှေစျေးကို အချိန်တိုအတွင်း စံချိန်တင်မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဒီကနေ့(စက်တင်ဘာ ၁၆ ရက်)ကမ္ဘာ့ ရွှေစျေးကွက်ဖွင့်ချိန်မှာ တအောင်စကို ဒေါ်လာ ၃,၆၇၀ ကျော်ရှိပြီး နေ့လယ်ပိုင်း မှာ ၃,၆၈၆ ဖြစ်လာပါတယ်။ဒါ့အပြင် ဒီကနေ့ရွှေစျေးက ပြီးခဲ့တဲ့ တလဝန်းကျင်ကထက် တအောင်စကို ဒေါ်လာ သုံးရာကျော် ထိမြင့်တက်ခဲ့ပါတယ်။

Public Service Announcement
“ ဒီမနက်ရွှေဆိုင်တွေမှာတောင် ၈၁ သိန်းထိဖြစ်လာတယ်။အပြင်စျေးတန်းမှာ ၈၀ နည်းနည်းကျော်တယ်။ကမ္ဘာ့ရွှေက မရပ်မနားတက်နေတာ။ဒါတောင် ပြီးခဲ့တဲ့ ရက်တွေက စျေးနည်းနည်းငြိမ်နေတာ” လို့ ရွှေ အရောင်း အဝယ်လုပ်နေတဲ့သူတစ်ဦးက ပြောပါတယ်။
ပြင်ပရွှေစျေးကွက်အရ၁၆ ပဲရည်တကျပ်သားအရောင်း ကျပ် ၈,၀၅၀,၀၀၀နဲ့ အဝယ် ကျပ် ၈,၀၃၀,၀၀၀ ရှိနေတယ်လို့ သိရပါတယ်။ ၁၅ ပဲရည် တကျပ်သား ရောင်းစျေးက ကျပ် ၇,၅၁၀,၀၀၀ နဲ့ ဝယ်စျေး ၇,၄၈၀,၀၀၀ ရှိပါတယ်။
ပြည်တွင်း ရွှေစျေးက ဇွန်လနောက်ပိုင်းအမြင့်ဆုံးစျေးဖြစ်လာပြီး တပတ်အတွင်း တကျပ်သားသုံးသိန်းဝန်းကျင် စျေးတက်လာတာလို့လည်း ရွှေစျေး စောင့်ကြည်သူတဦးက ဆိုပါတယ်။
ကမ္ဘာ့ရွှေစျေးအခြေအနေကြောင့် ရွှေဆိုင်တွေရဲ့စျေးသတ်မှတ်မှု နဲ့ ပြင်ပရွှေ အရောင်း၊အဝယ်စျေးကို နှိုင်းဆသတိပြုဖို့လည်း ရွှေစျေးကွက်စောင့်ကြည့်သူတွေက အကြံပြုပါတယ်။
ပြည်တွင်း ရွှေချိန်တွယ်ရာမှာ ကျပ်၊ပဲ၊မူး၊ရွေးကိုအသုံးပြုပြီး တကျပ်သား မှာ ၀ ဒသမ ၅၂၅ အောင်စ ရှိပါတယ်။အကြမ်းဖျင်းပြည်တွင်းရွှေစျေးကို (ကမ္ဘာ့ရွှေစျေး × တစ်ဒေါ်လာငွေလဲနှုန်း ×၀ ဒသမ ၅၂၅ ) နဲ့ တွက်ချက်နိုင်ပါတယ်။နိုင်ငံခြားငွေလဲနှုန်းစျေးကွက်အရ တဒေါ်လာ ပြင်ပပေါက်စျေး အဝယ် ကျပ် ၄,၂၅၀ နဲ့ အရောင်း ကျပ် ၄,၃၁၀ဝန်းကျင် ရှိပါတယ်။
