close
Connect with us

Hi, what are you looking for?

သတင်း

အိမ်နီးချင်းနိုင်ငံများ၏ စေ့စပ်မှုကြောင့် နိုင်ငံရေးဆွေးနွေးရန်အသင့်ရှိသော်လည်း စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေး ဟန်ချက်ညီတိုက်ပွဲဝင်မည်ဟု TNLA ဥက္ကဋ္ဌ ပြောကြား

ဘုံရန်သူ၏သွေးခွဲဗျူဟာ အသက်ဝင်မလာရေး တော်လှန်ရေးအင်အားစုအချင်းချင်းကြား ပြဿနာ အချို့ နည်းလမ်းရှာနိုင်ရန်လိုဟုဆို

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး -PSLF/TNLA ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

အိမ်နီးချင်းနိုင်ငံများ၏ စေ့စပ်လှုံ့ဆော်မှုများက ပေါ်ပေါက်လာမည့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်ရေးကို အမြဲအသင့် ပြင်ဆင်ထားရှိပြီးဖြစ်သော်လည်း စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းရေး အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ ဟန်ချက်ညီ ဆက်လက်တိုက်ပွဲဝင်မည်ဟု တအာင်းတပ်မတော်(PSLF/TNLA) ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားသည်။

ယနေ့ (ဇန်န၀ါရီ ၁၂ရက်) ကျရောက်သည့် (၆၂)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ဂုဏ်ပြုမိန့်ခွန်းတွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၏ နိုင်ငံရေးအန္တိမပန်းတိုင် ၃ချက်ရှိပြီး တအာင်းတမျိုးသားလုံးအဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အာမခံသည့် တအာင်းပြည်နယ်တည်ဆောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တို့ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အန္တိမပန်းတိုင် အချက် (၃)ချက် ပြီးမြောက်စေရန် PSLF/TNLA အရာရှိများ ရဲဘော်၊ရဲမေများ၏ အသက်၊ သွေး၊ ချွေး ကိုယ်ခန္ဓာအစိတ်အပိုင်းများစွာနှင့် ဒေသခံ လူထုများ၏ အိုးအိမ်အဆောက်အဦးမြောက်များစွာ စွန့်လွှတ်ပေးဆပ်ခဲ့ကြရ၍ တပ်ဖွဲ့ဝင်များအနေဖြင့် အစဉ်လေးစားတန်ဖိုးထားပြီး မပြီးမြောက်သေးသည့် တော်လှန်ရေးခရီးကို ဆက်လက် တိုက်ပွဲဝင်ရန် ပြောကြားသည်။

ထို့ပြင် ပြောင်းလဲလာသည့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့် မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်မူဝါဒ မပြောင်းလဲကြသေးသည့် ဒေသတွင်းရှိ နိုင်ငံ့အချို့၏ ရပ်တည်ချက်များကြောင့် တစ်တိုင်းပြည်လုံး တော်လှန်ရေးအင်အားစုများနှင့်အတူ TNLA ပြန်လည်သိမ်းပိုက်နိုင်ခဲ့သော နယ်မြေအတွင်း စစ်အာဏာရှင်အုပ်စု၏ အုပ်ချုပ်ရေးယန္တယား နောက်ထပ်တစ်ကြိမ် အခြေမစိုက်နိုင်အောင် တအာင်းတပ်မတော်သားများနှင့် ဒေသခံ ပြည်သူများက ဟန်ချက်ညီ အစွမ်းကုန် ကြိုးပမ်း ကာကွယ်ရမည်ဟုလည်း ၎င်းက ပြောသည်။

“တအာင်းတိုင်းရင်းသားဟာ ဌာနေတိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တာနဲ့အညီ တစ်ဖက်မှာလည်း မိမိ ကိုယ်ကို ခုခံကာကွယ်နိုင်ဖို့အတွက် မိမိလက်နက် မိမိလက်ထဲရှိထားရမှာဖြစ်သလို ပြောင်းလဲလာတဲ့ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စေ့စပ်လှုံ့ဆော်မှုတွေကနေ ပေါ်ပေါက်လာမယ့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင် ဖို့လည်း အမြဲတမ်းအဆင်သင့် ပြင်ဆင်ထားရှိပြီးသားလည်းဖြစ်တယ်။ ဒါပေမဲ့လည်း တော်လှန်ပြည်သူများနဲ့အတူ နိုင်ငံ့အတွင်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်သစ် ထူထောင်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မိမိတို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အဖွဲ့အစည်းအနေနဲ့ အခြားတော်လှန်ရေးအင်အားစုများနဲ့အတူ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်” ဟု PSLF ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် တရုတ်နိုင်ငံသည် TNLA အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီနှင့် အပစ်ရပ်စဲပြီး ဆွေးနွေးရန် ဖိအားပေးမှုများ လုပ်ဆောင်လျက်ရှိသည့် အခြေအနေတွင် TNLA ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၄အတွင်း စစ်အာဏာရှင်စနစ်ဆိုးဖြုတ်ချနိုင်ရေး လူတန်းစား အလွှာပေါင်းစုံနှင့် တော်လှန်ရေးအင်အားစု အဖွဲ့အစည်းပေါင်းစုံက ကျရာအခန်းကဏ္ဍက တော်လှန်ရေး တာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အသုံးချပြီး စည်းလုံးညီညွတ်စွာ တော်လှန်တိုက်ခိုက်ခဲ့ကြရာ တော်လှန်ရေး၏ အောင်မြင်မှုအလင်းတန်း ရောင်နီသမ်းလာနေပြီးဖြစ်ကြောင်း၊ ယခု ၂၀၂၅ အတွင်း၌ ယခင်နှစ်များထက် ချိတ်ဆက်လက်တွဲပြီး ယိုင်နဲ့နေသည့် စစ်အာဏာရှင်အုပ်စုကို ဖြိုချပစ်ရန် စုစည်းညီညွတ် အားဖြင့် ဆက်လက်ကြိုးပမ်းရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။

“ပြည်တွင်းအားနဲ့သာ ဒီစစ်အုပ်စုကို ဖြိုချရမှာဖြစ်လို့ မိမိတို့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုအချင်းချင်း တချို့ပဋိပက္ခတွေကို ရေရှည်နိုင်ငံရေးဖြေရှင်းနိုင်မယ့်နည်းလမ်း ရွေးချယ်ပြီးတော့ မိမိတို့အင်အား မလျှော့ကျစေရေးမှ သည် စုစည်းအားဖြင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းနိုင်အောင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

အရှိန်ကောင်းရလာသည့် တော်လှန်ရေးရေစီးကြောင်း စုစည်းညီညွတ်မှုအင်အားများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံအတွင်း အခြေစိုက် ကျန်ရှိနေသည့် ဘုံရန်သူ၏ နေ့စဉ်မပျက် ပြည်သူ များကို ဒုက္ခပေးနေသည့် ထောက်တိုင်များကို အပြီးတိုင် ဖြိုလှဲပစ်ရမည်ဟု ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားသည်။

“တိုင်းရင်းသားလူထု တရပ်လုံးအနေနဲ့လည်း မိမိတို့ကို နေ့စဉ်ဒုက္ခပေးနေတဲ့ လေကြောင်းအန္တရာယ်တွေကို တာဝန်သိသိ သတိဝီရိယရှိရှိနဲ့ လုပ်ကိုင်နေထိုင်စားသောက်သွားကြဖို့ အထူးမေတ္တာရပ်ခံပန်ကြားလိုပါတယ်။၂၀၂၅ ခုနှစ်ဟာ မြေပြန့်ဒေသနဲ့ အခြားဆက်စပ်ဒေသတွေမှာ စုစည်းညီညွတ်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်း တွေက တော်လှန်ရေးအရှိန် ပိုမိုမြှင့်တင်ဆောင်ရွက်သွားမှာဖြစ်ကြတဲ့အတွက် တိုက်ပွဲပြင်းထန်နေစဉ်ကာလအတွင်း တော်လှန်ရေးအဖွဲ့အစည်းများချမှတ်တဲ့ ဘေးကင်းလုံခြုံရေးအစီအမံတွေကို အထူးလိုက်နာပြီး ဘေးကင်းလုံခြုံစွာနဲ့ တော်လှန်ရေးရဲ့ အောင်မြင်မှုအသီးအပွင့်တွေကို မြင်တွေ့ခံစားနိုင်ကြပါစေ” ဟု PSLF ဥက္ကဋ္ဌက ပြောကြားသည်။

PSLF ဥက္ကဋ္ဌ ၏ မိန့်ခွန်းတွင် TNLAနှင့် မဟာမိတ်အကြား ပြဿနာအချို့အား နိုင်ငံရေးအရ ဖြေရှင်းရန် အချက်ကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။

“လက်နက်ကိုင်တော်လှန်ရေး အင်အားစုအချင်းချင်းလည်း မိတ်ဖက်နိုင်ငံရေး နည်းလမ်းနဲ့ မိမိတို့ ဒေသတွင်းဖြစ်ပွားနေတဲ့ ပြဿနာအချို့ကို ဖြေရှင်းနိုင်ဖို့အတွက်လည်း အကောင်းဆုံးနည်းလမ်းရှာ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒါမှသာ တော်လှန်ရေးကာလအတွင်း ဘုံရန်သူရဲ့ တိုင်းရင်းသားအချင်းချင်း စည်းလုံးမှုပျက်ပြားရေး မဟာဗျူဟာ အသက်ဝင်မလာမှာဖြစ်တယ်လို့ ပြောကြားချင်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားသည်။

TNLA အနေဖြင့် ရှမ်းမြောက်ဒေသအချို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကိုးကန့်တပ်မတော်(MNDAA) တို့နှင့် မြေပြင် တပ်အချင်းချင်းအကြား နယ်မြေဆိုင်ရာ အပါအဝင် ပြဿနာအချို့ရှိခဲ့သည်။

ယနေ့ ကျရောက်သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် PSLF/TNLAမှ အကျဉ်းသား (၅၅)ဦး လွှတ်ငြိမ်းချမ်းသာခွင့်ပေး၊ (၅၄)ဦး ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

ထိုအကျဥ်းသားများသည် တအာင်းပြည်အတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်မှုကျူးလွန်၍ အကျဥ်းကျနေသူများဖြစ်ပြီး ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက လက်မှတ်ရေးထိုး လွတ်ငြိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြစ်မှုများစွာကျူးလွန်၍ အကျဥ်းထောင်အသီးသီးတွင် နှစ်ရှည်ထောင်ကျနေရသူများကိုလည်း တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအနေဖြင့် ပြစ်ဒဏ်လျော့ပေါ့ပေးပြီး လွတ်ရန် လပိုင်းသာ လိုအပ်နေသည့် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း အသိပေးသည်။

အဆိုပါ အကျဉ်းသားများသည် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု၊ အမျိုးသမီးများအပေါ် ကျူးလွန်မှု၊ အကြမ်းဖက်မှု၊ လူသတ်မှု၊ လူကုန်ကူးမှု၊ ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများ ကျူးလွန်ထားကြသူများ ဖြစ်ကြသည်ဟု ထုတ်ပြန်သည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၆၁)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကလည်း PSLF/TNLAမှ အကျဉ်းသား (၂၃၂)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်ချုပ်ငြိမ်းရေ၊ ဖက်ဒရယ်တည်ဆောက်ရေးပူးပေါင်းဆောင်ရွန်ရန် ဖော်ပြ

သတင်း

TNLA ကြုံနေသည့် အခက်အခဲများ ဝိုင်းဝန်းဖြေရှင်းရန် အမြဲအသင့်ရှိဟု MNDAAနှင့် AA အသိပေး

သတင်း

မိုးကုတ်မြို့အား စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်နှင့်ဘုန်းကြီးကျောင်းပျက်စီးမှုများ ရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။