စက်တင်ဘာ−၈၊ ၂၀၂၅။ဇော်ဝင်း/People’s Spring
မကွေးတိုင်း၊ပွင့်ဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်က မဒဲ၊ကန်နီ ၊အင်းကုန်းနှင့် မကျည်းစုကျေးရွာမှ ဒေသခံပြည်သူ ၉ဦးကို သတ်ဖြတ်ခဲ့ကြောင်း အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။
သေဆုံးသူ ပြည်သူ ၉ဦးတွင် စစ်တပ်က လူသားဒိုင်းအဖြစ်ခေါ်ဆောင်ခံရသူ ကနီကျေးရွာမှ ကိုတင်ခိုင်စိုး၊ကိုသန်းမင်း၊မဒဲကျေးရွာမှ ကိုဖြိုးဇော်၊ကိုဝင်းဇော်ဖြိုး၊ကိုသူရ နှင့် အင်းကုန်းကျေးရွာမှ ကိုဖိုးတိုးတို့ ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပကဖက ပေးသည့် အချက်အလက်များအရ သိရသည်။
ထို့အပြင် စစ်တပ်စစ်ကြောင်းထိုးသည့်လမ်းပိုင်းပေါ်ရှိ မကျည်းစုကျေးရွာမှ ကျေးရွာသားနှစ်ဦးနှင့် အတည်မပြုနိုင်သေးသည့် အရပ်သားတစ်ဦးကိုပါ မီးရှို့ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
စက်တင်ဘာ ၃ရက်တွင် စစ်တပ်သည် ပွင့်ဖြူမြို့နယ်ရှိ ဝါစိုက်ပျိုးရေးတပ်နှင့် ခလရ(၁၀)တပ်ရင်းတို့ ပူးပေါင်း၍ မဲဇလီကျေးရွာရှိ အခြေစိုက်စခန်းသို့ရောက်ရှိခဲ့ပြီးနောက်တစ်ရက်တွင် မြို့နယ်အတွင်း စစ်ကြောင်းထိုးလာကြောင်း သိရသည်။
“မဲဇလီကနေပြီးမှ အင်အား ၈၀ လောက်နဲ့ထွက်လာတယ်။အဲဒီ ၄ ရက်နေ့မှာ ထူးပေါက်တို့၊အင်းကုန်းတို့ဘက်ကိုစပြီးစစ်ကြောင်းဝင်လာတယ်။အဲဒီမှာ တိုက်ပွဲ ဖြစ်တယ်။၅ ရက်နေ့မှာ အနောက်အင်းကုန်းနဲ့ မဒဲကုန်းရွာတွေကိုဝင်တယ်။ပြည်သူတွေကိုဖမ်းတယ်။မဒဲကုန်းရွာဘုန်းကြီးကျောင်းမှာ အထိုင်ချတယ်”ဟု အထက်ပါတာဝန်ရှိသူက စစ်တပ်စစ်ကြောင်းထိုးလာမှုအပေါ် ရှင်းပြသည်။
ထို့နောက် စက်တင်ဘာ ၆ရက်တွင် ကျောင်းကုန်းကြီးရွာမှ ပျူစောထီးများနှင့် စစ်တပ်အင်အား ၃၀ ခန့်သည် မဒဲကျေးရွာရှိစစ်တပ်ကို စစ်ကူပေးရန် ထွက်လာစဥ် တိုက်ခိုက်ခဲ့၍ ဆုတ်ခွာသွားကြောင်း ၎င်းက ဆိုသည်။
“မဒဲဘုန်ကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကြောင်းကိုလည်း သွား တိုက်တော့ သူတို့ထွက်ပြေးတယ်။ထွက် ပြေးတော့ စစ်ကြောင်းသွားတဲ့အခါ ကျောင်းကုန်းကြီးဘက်ပဲ ဦးတည်သွားရတယ်။ကြားမှာက မိုင်း ကွင်းရှိတယ်။အဲဒီမိုင်းကွင်းကို ပြည်သူတွေကို ဖြတ်ခိုင်းတယ်။ဖြတ်ခိုင်းတဲ့အချိန် ငါးယောက်သေဆုံးတယ်။ခြောက်ယောက်ဒဏ်ရာရတယ်။အဲဒီအထဲက ကိုသူရကို လက်ပြန်ကြိုးတုတ်သေနတ်နဲ့ ဦးခေါင်းကိုပစ်ခတ်သတ်ဖြတ်ခဲ့တယ်”ဟု ပွင့်ဖြူမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။
ပွင့်ဖြူမြို့ခံတဦးကလည်း “စခ တွေ စစ်ကြောင်းထိုးတဲ့ရွာတွေက နယ်ခံတွေလွတ်မြောက်အောင်အရင်ဦးစားပေးပါ။တော်လှန်ရေးထောက်ခံတဲ့ရွာတွေကို ပိုဖိပြီး တွေ့တဲ့သူသတ် လူတံတိုင်းမိုင်းနင်းတာခိုင်းတာတွေကတော့ မဖြစ်မနေလုပ်ကြမှာပါ။ကျောင်းကုန်းကြီးကို နှိမ်နိုင်ရင်ကို ပွင့်ဖြူက အတော်ခရီးရောက်ပါတယ်”ဟု ပြောသည်။
ရွေးကောက်ပွဲလုပ်မည့်ရက်ကို ကြေညာပြီးနောက် ပွင့်ဖြူမြို့နယ်ကို စစ်ကောင်စီတပ်က သြဂုတ် ပထမပတ်ကစ၍ စစ်ကြောင်းထိုးလာခဲ့ခြင်းဟု ပွင့်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။
“အဓိက သူတို့ ရည်ရွယ်ချက်က ရွေးကောက်ပွဲ အတွက် အသံထွက်တယ်။သြဂုတ်လ ၃ ရက်ကတည်းက စစ်ကြောင်းထိုး တယ် ။မကျည်းစု၊ဖလံကျင်း၊အခု ဒါ နောက်တခါ ထပ်လာတဲ့သဘောမျိုးပဲ။နယ်မြေစိုးမိုးမှုယူချင်တယ်၊သူတို့ရွေး ကောက်ပွဲ ထောက်ခံသူတွေ ကို နယ်မြေစိုးမိုးတာ ပြချင်တယ်၊အရင်တစ်ခေါက်ရော အခု တစ်ခေါက်မှာပါ တန်းပြန်ဆုတ်ရတယ်။မြောက်ဘက်ထိကို မရောက်ဘူး။အခု တစ်ခေါက်က မြောက်ဘက်ခြမ်းရောက်ပါရဲ့။ဒါပေမယ့် မြောက်ဘက်ရော တောင်ဘက်မှာပါ သူတို့ အထိအခိုက်များများနဲ့ ဆုတ်ခွာသွားရတယ်။တော်တော်လေးကို အရှက်တကွဲ ဖြစ်သွားတယ်။သူတို့ မှန်းချက်နဲ့ နှမ်းထွက် ကိုက်မသွားဘူး”ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၄ ရက်မှ ၆ရက်အထိ စစ်ကြောင်းထိုးခဲ့သော စစ်တပ်မှတိုက်ခိုက်ခံရမှုကြောင့် စစ်သား ၁၈ ဦးခန့်သေဆုံးခဲ့ပြီး မင်းဘူး(စကု)မြို့နယ်ဘက်သို့ တပ်ပြန်ဆုတ်သွားကြောင်းလည်း အသိပေးသည်။
ထို့အပြင် စစ်တပ်စစ်ကြောင်းရှိသည့်အခါ သတိပေးချက်များကို လိုက်နာပေးရန်နှင့် ရန်သူစစ်ကြောင်း သတ်ဖြတ်မှုမခံရရန် လိုကြောင်း ပွင့်ဖြူမြို့နယ်ပကဖက တိုက်တွန်းထားသည်။



















































