close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ကျဥ်းများအားလုံးအမြန်ဆုံးလွတ်မြောက်ရေး စစ်အုပ်စုကို ဖိအားပေးဖို့ကုလနဲ့နိုင်ငံတကာကို NUG တိုက်တွန်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံးလွတ်မြောက်ရေးအတွက်စစ်အုပ်စုအပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေအဆောတလျင်ဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံ​တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်။ဓါတ်ပုံ-ရိုက်တာ

■ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်မပေးခြင်းဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းဟုထုတ်ပြန်

စက်တင်ဘာ-၈၊ ၂၀၂၅။ People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာစွာဖြင့် အမြန်ဆုံးလွတ်မြောက်ရေးအတွက်စစ်အုပ်စုအပေါ် ထိရောက်တဲ့ ဖိအားပေးမှုတွေအဆောတလျင်ဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အထူးလိုအပ်လျက်ရှိတဲ့ ထိရောက်တဲ့ ဆေးကုသခွင့်မပေးခြင်းဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း ဖြစ်ပြီး ဖြစ်ပေါ်လာမယ့် အကျိုးဆက်များအားလုံးကို အကြမ်းဖက်စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမယ်လို့ NUG က သတိပေးပါတယ်။

Public Service Announcement

Public Service Announcement

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကျန်းမာရေးကောင်းခြင်း၊ မကောင်းခြင်းတင်မကဘူး။ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာတောင်မှ အတိအကျ ဘယ်သူကမျှ မပြောနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ မိသားစုနဲ့ တွေ့ခွင့်မရသလို၊ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မရဘူး။ ဒီလိုအခြေအနေက အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်လို့ ကျွန်တော်တို့က ပြောလိုပါတယ်”လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က People’s Springကို ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသမှုမရရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခ)ကင်မ်အဲရစ်က အသိပေးထားပါတယ်။

အဲဒီလိုအသိပေးမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို သိရှိရတဲ့အတွက် NUG အနေနဲ့ နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဗဟိုအလုပ်ကော်မတီတို့ကလည်း ကိုထိန်လင်းရဲ့ ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ထားပါတယ်။

မတရားအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားလာလို့ စိုးရိမ်ကြောင်း အရေးပေါ်ကြေညာချက်ကို သားငယ်ဖြစ်သူ ကိုထိန်လင်းက ‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ အသက်အန္တရာယ် အရေးပေါ် စိုးရိမ်ချက်’ ဆိုပြီး စက်တင်ဘာ ၅ရက်မှာ ရုပ်သံဖိုင် ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ ပြောဆိုထားပါတယ်။

NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ အကြမ်းဖက်စစ်အုပ်စုဟာ အခုလိုအတိုင်းပဲ အလိမ်အညာမုသားတွေနဲ့ ပြောဆိုတဲ့ အလေ့အထရှိပြီး ဒီလိုမျိုး စစ်အုပ်စုဘက်က ထုတ်ပြောလာတာက ပိုပြီး စိုးရိမ်စရာ အခြေအနေလို့ မှတ်ယူတယ်လို့ People’s Springကို ပြောပါတယ်။

“တကယ်တမ်းကျန်းကျန်းမာမာနဲ့ ရှိနေတယ်ဆိုတာ သေချာတယ်ဆိုရင် အခုလိုမျိုး လူပုဂ္ဂိုလ်တစ်ယောက်က ထွက်ပြောတာနဲ့တော့ ကျွန်တော်တို့က ဘာမှ ယုံကြည်စိတ်ချစရာ အကြောင်းမရှိဘူး။ အဲဒါကြောင့် မိသားစုနဲ့ ပေးတွေ့တာဖြစ်ဖြစ်၊ ရှေ့နေတွေနဲ့ ပေးတွေ့တာဖြစ်ဖြစ် ဒါမှမဟုတ်ရင်လည်း ယုံကြည်စိတ်ချရတဲ့ တစုံတယောက်ကနေ သက်ရှိထင်ရှားရှိနေတယ်၊ ကျန်းမာရေးကောင်းမွန်တယ်ဆိုတာကို တွေ့ရမြင်ရတယ်ဆိုတာ တနည်းနည်းနဲ့ သက်သေပြနိုင်တယ်ဆိုရင်တော့ ကျွန်တော်တို့ တမျိုးစဉ်းစားရမှာပေါ့”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် တစိုက်မတ်မတ်ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ဖြစ်သူ ကိုထိန်လင်းက ယနေ့ (စက်တင်ဘာ ၆ရက်)တွင် ၎င်း၏ လူမှုကွန်ရက်၌ အသိပေးခဲ့ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်လိုအပ်မှုကို ပြောကြားခဲ့ဟု အသိပေးသည်။

သတင်း

အာဏာသိမ်း စစ်တပ်က ဖမ်းဆီးအကျဉ်းချတာ ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်စရာ ကောင်းလောက်အောင် ယိုယွင်းလာနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ်က သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာနောင်ကျော်(ခ) ဌေးသိန်း ရဲ့နာရေးကို ဩဂုတ် ၂၃ နေ့လည်က ရေဝေးသုဿန်မှာပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံရေး အကျဥ်းသား စာရေးဆရာ နောင်ကျော် မနေ့မနက်က ကွယ်လွန်သွားခဲ့ပါတယ်။