စစ်ပွဲကာလတလျှောက်မှာ ယူကရိန်း အစိုးရ အဆောက်အအုံ တစ်ခုကို ရုရှားက ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ပါတယ်။
ယူကရိန်း နိုင်ငံအနှံ့က ပစ်မှတ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့အခါ ကိယက်ဗ်မြို့တော်က အစိုးရ အဖွဲ့ရုံး အဆောက်အအုံကိုလည်း ထိမှန်ခဲ့ပြီး ခေါင်မိုးနဲ့ အပေါ်ဆုံးထပ် တချိုု့မှာ မီးစွဲလောင်ခဲ့ပါတယ်။
စက်တင်ဘာ ၆ ရက် ညပိုင်းနဲ့ ၇ ရက်နေ့ မနက်အစောပိုင်း အချိန်တွေမှာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ယူကရိန်း အနှံ့မှာ ကလေးငယ်တစ်ဦး၊ မိန်းကလေးတစ်ဦး အပါအဝင် စုစုပေါင်း ၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ယူကရိန်း လေတပ်ကတော့ အဲဒီတိုက်ခိုက်မှုမှာ စံချိန်တင် အရေအတွက်အဖြစ် ရုရှားဟာ ဒုံးကျည်နဲ့ ဒရုန်း စုစုပေါင်း ၈၀၀ ကျော်ကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။ အဲဒီထဲက အများစုကို ယူကရိန်းက ကြားဖြတ် ပစ်ချနိုင်ခဲ့ပေမယ့် ဒရုန်း ၅၆ စင်းဟာ နေရာ ၃၇ ခုကို ထိမှန်ခဲ့ကြောင်း၊ နေရာပေါင်း ၈ ခုမှာ ဒရုန်း အပျက်အစီးတွေ ကျရောက်ခဲ့ကြောင်း လေတပ်က ကြေညာပါတယ်။

Public Service Announcement
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကိယက်ဗ်အပြင် ဇာပေါ့ရစ်ဇီရာ၊ ခရိုင်ယီရားဟ်၊ အိုဒက်ဆစတဲ့ မြို့တွေမှာလည်း ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။ စစ်ပွဲရပ်ဆိုင်းဖို့ လက်တွေ့ကျတဲ့ သံတမန်ရေး အားထုတ်မှုတွေ အစပြုနေတာ အချိန်အတော် ကြာပြီးတဲ့ထိ ရုရှားဟာ ဒီလို သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဖြစ်ကြောင်း၊ ဒါဟာ စစ်ပွဲကို သက်ဆိုးရှည်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ ရာဇဝတ်မှုမြောက်ကြောင်း သူက ဆိုပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အဲဒီတိုက်ခိုက်မှုရဲ့ ပစ်မှတ်တွေဟာ ယူကရိန်း စစ်စခန်းတွေနဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေသာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားဟာ အရင်ကလည်း ယူကရိန်းမှာ အရပ်ဖက် အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ဘူးကွယ်ပြီး ငြင်းဆိုလေ့ ရှိခဲ့ပါတယ်။
ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက ယူကရိန်း အစိုးရ အဖွဲ့ရုံး အဆောက်အအုံကို ထိမှန်ခဲ့တဲ့ ရုရှားဒရုန်းဟာ ပစ်ချခံရလို့ လမ်းကြောင်းပြောင်းပြီး ကျဆင်းခဲ့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ တိတိကျကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
အခုဆိုရင် ၃ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီးဖြစ်တဲ့ စစ်ပွဲတလျှောက်မှာ ရုရှားဟာ အရင်တုန်းကတော့ ယူကရိန်း အစိုးရ အဆောက်အအုံတွေကို တိုက်ခိုက်တာမျိုး မရှိခဲ့ပါဘူး။ ပြီးတော့ အဲဒီ အဆောက်အအုံတွေ ရှိနေတဲ့ ကိယက်ဗ်မြို့လယ်မှာလည်း ယူကရိန်းက လေကြောင်း ကာကွယ်ရေး စနစ်တွေကို ထူထူထပ်ထပ် ဖြန့်ကျက်ထားပါတယ်။
ရုရှားဟာ ယူကရိန်းနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ဇီလန်စကီးရဲ့ ဇာတိမြို့ဖြစ်တဲ့ ခရိုင်ယီရားဟ်ကိုလည်း တိုက်ခိုက်ခဲ့ပြီး အခြေခံ အဆောက်အအုံ ၃ ခု ပျက်စီးခဲ့တယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲပြီးရင် ယူကရိန်းရဲ့ လုံခြုံရေးကို အာမခံ ကူညီကာကွယ်ပေးဖို့အတွက် နိုင်ငံပေါင်း ၂၆ ခုက တပ်တွေ ဖြန့်ကျက် စေလွှတ်ပေးမယ်လို့ ကတိပြုခဲ့ကြကြောင်း ရုရှား သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပြီး ရက်ပိုင်းအကြာမှာ ရုရှားက အခုလို ဒုံးကျည်နဲ့ ဒရုန်းတွေ အလုံးအရင်း အသုံးပြုပြီး ယူကရိန်းမြို့တွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: BBC


























































