တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ကို သွားရောက်တဲ့ ခရီးစဉ်အတွင်း မြောက်ကိုရီးယား အာဏာပိုင်တွေဟာ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်းရဲ့ မျိုးဗီဇ အချက်အလက် (DNA) နမူနာတွေ ကျန်မနေအောင် အထူးဂရုတစိုက် ရှင်းလင်းခဲ့ကြပါတယ်။
ကင်မ်ဟာ စက်တင်ဘာ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တရုတ်ရဲ့ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနား တက်ရောက်ဖို့အတွက် ဘေဂျင်းကို အထူးစီစဉ်ထားတဲ့ ကိုယ်ပိုင် သံချပ်ကာ ရထားနဲ့ သွားရောက်ခဲ့ပါတယ်။ ပြီးတော့ ဘေဂျင်းမှာ ရှိနေချိန် အတောအတွင်း ရေချိုးခန်း၊ အိမ်သာကိုလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် သီးသန့် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
အကြောင်းရင်းကတော့ သူ့ရဲ့ DNAကို ရန်သူနိုင်ငံ တစ်ခုခုရဲ့ လက်ထဲ ရောက်ရှိသွားတာမျိုး မလိုလားတာကြောင့်လို့ ဆိုပါတယ်။ စက်တင်ဘာ ၃ ရက်နေ့တုန်းက သူဟာ ဘေဂျင်းကို ရောက်နေတဲ့ မဟာမိတ် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီဆွေးနွေးမှု အပြီးမှာတော့ မြောက်ကိုရီးယားရဲ့ အထူးအေးဂျင့်တွေဟာ ခေါင်းဆောင်ကြီးကင်မ် ထိုင်သွားတဲ့ နေရာတဝိုက်ကို စေ့စေ့စပ်စပ် စစ်ဆေးပြီး DNA နမူနာ ကျန်ခဲ့နိုင်တဲ့ အခြေအနေ အားလုံးကို ဂရုတစိုက် ရှင်းလင်းနေတာကို ဗီဒီယို မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ကင်မ်ဟာ သူ့ရဲ့ ကျန်းမာရေး ကိစ္စတွေနဲ့ ပုဂ္ဂိုလ်ရေး ကိစ္စအားလုံးကို မပေါက်ကြားစေဖို့ အသေးစိတ် ဂရုစိုက်တတ်သူလို့ တောင်ကိုရီးယား ထောက်လှမ်းရေးက သုံးသပ်ထားပါတယ်။ ဝန်ထမ်းနှစ်ဦးက သူထိုင်သွားတဲ့ခုံကို စေ့စေ့စပ်စပ် ရှာဖွေ ရှင်းလင်းနေတာကိုကြည့်ရင် ဒီအချက်က မှန်ကန်တယ်ဆိုတာ မြင်သာစေပါတယ်။

Public Service Announcement
ခေါင်းဆောင်ကြီးကင်မ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ပတ်သက်တဲ့ ကိစ္စတိုင်းဟာ နိုင်ငံအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိနိုင်တယ်လို့ မြောက်ကိုရီးယားမှာ လက်ခံ ယူဆထားကြောင်း၊ ဒါကြောင့် ဆံပင်ကအစ၊ ယုတ်စွအဆုံး မစင်ထိ တခြားနိုင်ငံတွေမှာ ကျန်မနေအောင် အထူး သတိထား ထိန်းသိမ်းလုပ်ဆောင်နေတာလို့ တောင်ကိုရီးယား ထောက်လှမ်းရေး အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
ကင်မ်ဟာ ပြည်ပခရီးစဉ်တွေ သွားရောက်တဲ့အခါ သူ့ရထားပေါ်မှာ တင်ဆောင်လာတဲ့ သီးခြား အိမ်သာကိုပဲ အမြဲတမ်း အသုံးပြုလေ့ ရှိတတ်တယ်လို့ ဆိုပါတယ်။ ဒီလို ခပ်ဆင်ဆင် အလေ့အကျင့်မျိုးကို ပူတင်ကလည်း ကျင့်သုံးပြီး နိုင်ငံခြား ခရီးစဉ်တွေမှာ သူအိမ်သာတက်ပြီးတိုင်း DNA အစအနတွေ အားလုံးကို ရှင်းလင်းပေးမယ့် ကျွမ်းကျင်သူ ပုဂ္ဂိုလ်ရေး ဝန်ထမ်းတစ်ဦး သီးခြားခန့်အပ်ထားကြောင်း သိရပါတယ်။
ကိုးကား: Daily Beast

















































