သြဂုတ်-၁၇၊ ၂၀၂၅။တာရာ /People’s Spring
မကွေးတိုင်း၊ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။
မနေ့က (သြဂုတ် ၁၆ရက်) နံနက် ၁၁နာရီခန့်က ပေါက်မြို့အခြေစိုက် အမှတ်(၂၄)ကာ ကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၄)ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ လယ်လန်းရွာက ပြည်သူတွေ ထိခိုက်သေဆုံးတာလို့ ဆိုပါတယ်။

“သေဆုံးတာ ကျားတစ်ယောက်၊မတစ်ယောက်။အသက်က သက်လက်ပိုင်းတွေပါ။သုံးဆယ်နဲ့ လေးဆယ်ကြားတွေ။ရွာပေါ်ကို ကျပြီးပြန့်ကြဲပြီးထိခိုက်ကုန်တာမျိုး”လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
တိုက်ပွဲမရှိဘဲ ရမ်းသမ်းပစ်ခတ်တာမျိုးဖြစ်ပြီး ပခုက္ကူမြို့ဘက်ကတက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်း တိုက်ခိုက်မခံရရေး အတွက်ဖြစ် နိုင်တယ်လို့ ဆိုပါတယ်။
“လက်နက်ကြီးနဲ့ပစ်တာ ခြောက်လုံးလောက်တော့ရှိတယ်။လယ်လန်း အပြင် တောင်မြင်ရွာနား ကျရောက် ပေါက်ကွဲတာရှိတယ်။အဲဒီဘက်တော့ ထိခိုက်တာမကြားရဘူး”လို့ ပေါက်မြို့ခံတစ်ဦးက ပြောပါတယ်။
မနေ့က စစ်ကောင်စီတပ်ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူတွေအပါအဝင် သုံးလအတွင်း ပေါက်မြို့နယ်မှာ သေဆုံးခဲ့တဲ့ပြည်သူ ၂၀နီးပါးရှိနေပြီလို့လည်း အညာအရပ်ဖက် တာဝန်ရှိသူတစ်ဦးက အသိပေးပါတယ်။
“တချို့က ဖမ်းပြီးသတ်ခံရတယ်။တချို့က လေယာဉ်နဲ့ကြဲလို့သေတယ်။တချို့ကို ဓားစာခံအဖြစ် လူသားဒိုင်းနေရာမှာ သုံးနေပါတယ်”လို့ သူက ပြောပါတယ်။
ဒါ့အပြင် မေလနောက်ဆုံးပတ်ကစပြီး ပခုက္ကူမြို့အခြေစိုက်တပ်မ(၁၀၁)ကနေ ပေါက်မြို့နယ် အခြေစိုက် ကပစ(၂၄)ဆီကို ဦးတည်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ပေါက်-ပခုက္ကူ ကားလမ်းဘေး တလျောက်ကျေးရွာ ၁၇ ရွာက ပြည်သူ ၁၂, ၀၀၀ လောက်က စစ်ရှောင်နေရဆဲလို့ သိရပါတယ်။
မကွေးတိုင်းထဲက ပေါက်၊မြိုင်၊ဆော၊ထီးလင်းနဲ့ ရေစကြိုမြို့နယ်တွေကို စစ်ကောင်စီက အရေးပေါ်အခြေအနေအဖြစ် ကြေညာထားပါတယ်။











































