ဩဂုတ်-၁၇၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်နှင့် SNA ပြည်သူ့စစ်တို့တပ်စွဲထားသော မိုင်းနောင်နှင့် မမုံကိုင်ကျေးရွာအား ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဩဂုတ် ၁၆ရက်ညပိုင်း၌ သတင်းဖော်ပြ သည်။
အဆိုပါမိုင်းနောင်နှင့် မမုံကိုင်ကျေးရွာသည် ဇူလိုင်အတွင်းက KIAတပ်မဟာ(၉)တပ်ရင်း(၂၆) ပူးပေါင်းတပ်များ ဆုတ်ခွာခဲ့ရသည့်နေရာဖြစ်ပြီး ယင်းနေရာကို ယမန်နေ့ မနက်အစောတွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲ ၇နာရီကြာဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ် ၁၆ရက် နံနက် ၁၀နာရီ ၂၀မိနစ်ခန့်တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ဟု အသိပေးသည်။

Public Service Announcement
တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေ ၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြမထားပေ။
ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက မိုင်းနောင်နှင့် မမုံကိုင်တိုက်ပွဲအတွင်း SNAတပ် အသေအပျောက်များခဲ့ပြီး စစ်သုံးပစ္စည်းအချို့ သိမ်းရခဲ့ဟု ပြောသည်။
KIAနှင့် စစ်ကောင်စီတပ်တို့သည် ဗန်းမော်မြို့တွင်လည်း တိုက်ပွဲများပြင်းထန်လျက်ရှိသည်။
ဩဂုတ် ၁၄ရက်မှ ၁၆ရက်အတွင်းတိုက်ပွဲများနေ့စဉ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုများပြားခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းရခဲ့ဟု ကချင်သတင်းရင်းမြစ်ကပြောသည်။
အခြား ကချင်သတင်းရင်းမြစ်အချို့ကလည်း KIA က ဩဂုတ်ဒုတိယပတ်တွင်ဆုတ်ခွာပေးခဲ့ရသည့် ဗန်းမော်မြို့အမြောက်တပ် (၃၆၆)တပ်ရင်းကို ပြန်လည်သိမ်းပိုက်နိုင်ပြီဟုပြောသော်လည်း သီးခြားအတည်ပြု ချက်မရသေးပေ။
ဗန်းမော်မြို့တိုက်ပွဲအခြေအနေကို KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြခြင်းမရှိသလို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။












































