ဇွန်-၁၊၂၀၂၅။အိမ်သွင်/People’s Spring
နာဂဒေသအတွင်း မိုးသည်းထန်စွာရွာသွန်းနေပြီး အိန္ဒိယနိုင်ငံ-မဏိပူရ်ပြည်နယ်နှင့် နာဂဒေသဆက်သွယ်ရေးလမ်းပိုင်းပြတ်တောက်ကာ စားနပ်ရိက္ခာအခက်ခဲရင်ဆိုင်နေရကြောင်းဒေသခံများကပြောသည်။
နာဂဒေသ၌မေလ ၂၄ရက်မှစ၍ မိုးကောင်းနေပြီး ဒေသတွင်းအဓိကကုန်သွယ်ရေးလမ်းပိုင်းတွင် နေရာအများစုမြေပြိုကာမိုင်တိုင် ၁/၄ နှင့် ၁/၇ တွင် အဆိုးရွားဆုံးဖြစ်နေသည်ဟု ဒေသခံတဦးကပြောသည်။
“လမ်းတွေကို ပြင်ဖို့မလွယ်ပေမယ့်မပြင်လို့မရဘူး။ကုန်ဈေးနှုန်းတွေအရမ်းတက်နေပြီ။ မိုးကလည်း မရပ်ဘူး။ ရှေ့ရက်တွေအတွက် မစဉ်းစားတတ်အောင်ပဲ”ဟု နန်းယွန်းမြို့ခံတစ်ဦးကပြောသည်။

Public Service Announcement
နာဂဒေသအတွင်း နန်းယွန်း၊ လေရှီး၊ ဆွမ္မရာမြို့တို့တွင် မြေပြိုကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီဟု ဒေသခံများကပြောသည်။နာဂဒေသ၊ ချင်းပြည်နယ်တို့နှင့်ဆက်စပ်နေသော အိန္ဒိယနိုင်ငံဘက်ခြမ်းတွင်လည်း မိုးများပြီး မြေပြိုမှုဘေး ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
ပျက်စီးနေသော လမ်းပိုင်းသည် နာဂဒေသအတွက် အခြေခံ လူသုံးကုန်နှင့် အခြားကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရေး အဓိကအသုံးပြုနေသောနယ်စပ်လမ်းဖြစ်ပြီး မေလ ၃၁ ရက် နောက်ပိုင်း ဆွမ္မရာ-လေရှီး-ထမံသီ- နယ်စပ်ကုန်ကားများ သွားလာခြင်း မရှိသေးကြောင်း ဒေသခံများကိုကိုးကား၍ Naga Newsက ဖော်ပြထားသည်။
မေလ ၂၉ရက်က ဘင်္ဂလားဒေ့ရှ်ကို ဝင်သွားသော မုန်တိုင်းသည် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် မြန်မာ-အိန္ဒိယနယ်စပ်အနီးအထိ ဖြတ်နေ၍ နာဂဒေသတွင်လည်း မိုးကောင်းနေခြင်းဖြစ်သည်။
ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းသည် ဆက်လက်ရှိနေသေးပြီး မိုးလည်းဆက်ရွာနေကြောင်း ဒေသခံတစ်ဦးကပြောသည်။
ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့တွင် မိုးဆက်ရွာနိုင်သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။
