ဇွန် ၁၊၂၀၂၅။ ထားမြတ်/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၏ စစ်မြေပြင် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း တောင်ပိုင်းစစ် ဒေသ အမှတ်(၂)စစ်ဒေသခွဲက ယနေ့ ဇွန်လ ၁ရက်တွင် ထုတ်ပြန်သည်။
သင်တန်းဆင်းပွဲကျင်းပမှု အသေးစိတ် အချက်အလက်များ ဖော်ပြမထားသော်လည်း သင်ဆန်းဆင်းပွဲသို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူအချို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။
မှတ်တမ်းဓာတ်ပုံဖော်ပြချက်အရ ယခုကျင်းပသည့်စစ်မြေပြင် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု သင်တန်းဆင်းပွဲသို့ သင်တန်းသား ၇၀ ဝန်းကျင် တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

Public Service Announcement
အမှတ်(၂) စစ်ဆင်ရေးနယ်မြေသည် ရန်ကုန်၊ ပဲခူး၊ ဧရာ၀တီနှင့် နေပြည်တော်စသည့် တိုင်းစစ်ဌာန လေးခုကို ကွပ်ကဲရခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြားသလို တစ်နိုင်ငံလုံးကို ကွက်ပြည့်နင်းမည့်စစ်ရေးဗျူဟာအရ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရှိ နယ်မြေဒေသများအပါအဝင် အခြားတိုင်းနှင့် ပြည်နယ် များအားလုံး၌ စစ်မျက်နှာဖွင့်သွားမည်ဖြစ်ကြောင်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက မေလ ၃၁ရက်က ကျင်းပသည့် ဧရာ၀တီတိုင်းစစ်ဌာန၏ ကွပ်ကဲမှု ရယူထားသော ဗျူဟာ တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်းများအတွက် စစ်ဆင်ရေးလိုအပ်ချက်များ ထောက်ပံ့ရန် ပြုလုပ်သည့် ရံပုံငွေ ရှာဖွေရေး စကားဝိုင်းတွင် အသိပေး ပြောကြားခဲ့သည်။
ပြည်သူလူထုအနေဖြင့်လည်း တက်နိုင်သည့်ဘက်က ပါဝင်ကူညီကြရန် ရဲဘော်တင်ဦးက ပြောကြားသည်။
” ဒီပွဲမှာက ပြည်သူက တကယ်တန်းကျတော့ ဇာတ်လိုက်ပါ။ ပြည်သူက ဘေးကပံ့ပိုးသူမဟုတ်ပါဘူး။ ပြည်သူက အဓိကပါ။ ပြည်သူမရှိဘဲနဲ့ ကျနော်တို့ တော်လှန်ရေးဘယ်လိုမှ မအောင်မြင်နိုင်ဘူး”ဟု ရဲဘော်တင်ဦးက ပြောကြားသည်။
အားလုံးကိုယ်စီတာဝန်ကျေပါက တော်လှန်ရေး အမြန်အောင်မည်ဖြစ်ပြီး အာဏာရှင် မြန်မြန်အမြစ်ဖြတ်နိုင်မည်ဟုလည်း အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူးက ပြောကြားသည်။
