မေ-၂၉၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring
ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးသက်လေပြင်းများကျပြီး လှိုင်းကြီးနိုင်ကာ စစ်ကိုင်းတိုင်းအပါအဝင် ဒေသ ၅ ခု ရေဘေးသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးသည်။
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် မေလ ၂၇ရက်က ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းသည် ယနေ့(မေလ ၂၉ရက်) နံနက်ပိုင်းတွင် မုန်တိုင်းငယ်ဖြစ်လာပြီး ယနေ့ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ထုတ်ပြန်ထားသည်။
အားကောင်းသောမုန်တိုင်းငယ်ကြောင့် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်နှင့် မုတ္တမကွေ့တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေပြီး ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးသက်လေပြင်းများကျရောက်ခြင်း၊ လှိုင်းကြီးခြင်း၊ ဒီရေမြင့်တက်ခြင်းနှင့် ရေလွှမ်းမိုးခြင်းများဖြစ်ပေါ်နိုင်သည်ဟု သတိပေးထားသည်။

Public Service Announcement
ထို့အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် လျှပ်တပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများကို အထူးသတိပြုသင့်ကြောင်း သတိပေးထားသည်။
မေလ ၂၈ရက်က ဧရာဝတီတိုင်းမှ ပင်လယ်ကမ်းရိုးတန်း ဒေသများဖြစ်သော လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံမြို့နယ်တို့တွင် ပင်လယ်ဒီရေမြင့်တက်ခဲ့သည်။ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့တွင် လေဆင်နှာ မောင်းတိုက်ခတ်၍ နေအိမ်အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။
စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှမြို့နယ်အချို့တွင်လည်း နေရာကွက်မိုးကြီးပြီး ယင်းမာပင်၊ ဆင်ဖြူကျွန်းမြို့နယ်တို့တွင် ဆည်ရေဝင်၍ ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည်။
မေလကုန်အထိ မုတ်သုံလေအားကောင်းနေပြီး လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊မိုးသီးများ ကြွေကျခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ မြေကျွံခြင်းနှင့် မြေပြိုခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်ဟု MOHADMက သတိပေးထားသည်။
