ဇေအောင်/People’s Spring
မန္တလေးမှာ ငလျင်ထပ်လှုပ်လို့ ကယ်ဆယ်ရေးစခန်းပေါ် သစ်ပင်လဲကျပြီး ကလေးတဦးအပါအဝင် ပြည်သူနှစ်ဦး သေဆုံးခဲ့ပါတယ်။
မေလ ၁၇ ရက် ည ၁၀ နာရီ ၂၆ မိနစ်ဝန်းကျင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေကူဘုန်းကြီးကျောင်းတိုက်အတွင်းမှာဖွင့်ထားတဲ့ ငလျင်ကယ်ဆယ်ရေးစခန်းပေါ် သစ်ပင်လဲပြိုကျလာလို့ ဒုက္ခသည် ကလေးတဦးနဲ့ လူကြီးတဦး ပိမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လူမှုကူညီရေးအသင်းက ကြိုးစားကယ်ထုတ်ခဲ့ပေမဲ့ ကလေးကော လူကြီးပါ သေဆုံးသွားခဲ့တယ်လို့ “မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)က ထုတ်ပြန်ပါတယ်။

Public Service Announcement
မနေ့ညက လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ရစ်ချတာစကေး ၅.၂ အဆင့်ရှိပြီးမန္တလေးတိုင်း၊ကျောက်ဆည်မြို့အနောက်တောင်ဘက် ၂၁ ကီလိုမီတာ(၁၃ မိုင်ကျော်)အကွာကိုဗဟိုပြု လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမြိုတင်မက ကျောက်ဆည်၊ မြစ်သား၊ မြင်းခြံနဲ့ စစ်ကိုင်းတိုင်း မုံရွာအထိပါ သိသာစွာ ခံစားလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
