မေ ၁၂၊၂၀၂၅။ကဖေး/People’s Spring
ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ကထိကဆရာမတစ်ဦးသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့်ချိတ်ဆက်ကာ အာရက္ခတပ်တော်(AA)ထံ ပူးပေါင်းသွားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်သည် မေလ ၇ ရက်တွင် ဌာနနှင့် အဆက်အသွယ်ပြတ်သွားပြီး ဖြစ်စဉ်အားစစ်ဆေးမှုများအရ ဆားလင်းကြီး PDF၏ ချိတ်ဆက်ကူညီမှုဖြင့် AAထံ သွားရောက်ခြင်းဟု ဖော်ပြထားသည်။
ဖြစ်စဉ်အသေးစိတ်ကို စစ်ကောင်စီက အောက်ပါအတိုင်း ဖော်ပြထားသည်။

Public Service Announcement
ဆရာမဒေါ်ဝင်းဝင်းအောင်သည် ငလျင်ဒဏ်သင့် မန္တလေးတိုင်းမှ တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများအား အနီးကပ်သင်ကြားရေးအတွက် မေလ ၁ရက်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အခြားနည်းပြများနှင့်အတူ မိတ္ထီလာတက္ကသိုလ်သို့ ရောက်ရှိလာခဲ့ပြီး မေလ ၂ ရက်မှစတင်၍ အထက(၂)၊ ပျော်ဘွယ်၌ သင်ကြားပို့ချမှုများ စတင်ခဲ့ကြောင်း၊မေလ ၇ ရက် နံနက်၅နာရီ ၄၅ နာရီခန့်တွင် မိတ္ထီလာတက္ကသိုလ်မှ ပျော်ဘွယ်မြို့သို့ မထွက်ခွာမီ မိတ်ဆွေများနှင့်တွေ့ဆုံရန်ဟုဆိုကာ ထွက်သွားပြီး တာဝန်ကျနေရာသို့ ပြန်ရောက်မလာ၍ ဆက်သွယ်သော်လည်း မရခဲ့ကြောင်း၊ ည ၉နာရီ ၃၀ခန့်တွင် ဒေါ်ဝင်းဝင်းအောင်၏ သားဖြစ်သူ gmail သို့ “Your Mon Condition is ok. After Little Checking, and will free” ဟုပေးပို့လာခဲ့သည်ဟု ဆိုသည်။
ဒေါ်ဝင်းဝင်းအောင် ပျောက်ဆုံးမှုအား စိစစ်ရာ မိတ္ထီလာတက္ကသိုလ်ရှိ စီစီတီဗွီမှတ်တမ်းများအရ ဒေါ်ဝင်းဝင်းအောင်သည် နံနက် ၅နာရီ ၄၇မိနစ်ခန့်တွင် အိတ်အသေး တစ်လုံးနှင့်အတူ မိတ္ထီလာတက္ကသိုလ်၊ အမှတ်(၁)ဂိတ်မှ ထွက်ခွာသွားပြီး တက္ကသိုလ်အနီးရှိ အရုဏ်ဦးလက်ဖက်ရည်ဆိုင်၌ တစ်ဦးတည်း နံနက်စာစားကာ ၇နာရီခန့်တွင် လက်ဖက်ရည်ဆိုင်ရှေ့သို့ရောက်ရှိလာသော ကားပေါ်သို့ ၎င်း၏သဘောဆန္ဒဖြင့် လိုက်ပါသွားခဲ့သည်ဟု ဆိုသည်။
AAနှင့် ကြိုတင်ဆက်သွယ်ခဲ့ပြီး မေလ ၇ ရက်တွင် ဆားလင်းကြီး PDF၏ ချိတ်ဆက်ကူညီမှုဖြင့် မိတ္ထီလာမြို့မှ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာသို့သွ ားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် AA ထိန်းချုပ်နယ်မြေအတွင်းရှိ ပညာရေးဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းကူညီ နိုင်ရေးအတွက် ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
” ဒေါ်ဝင်းဝင်းအောင်လိုပဲ စစ်ကောင်စီကို စွန့်ခွာချင်တဲ့ပညာရေးဝန်ထမ်းတွေ အများကြီးပဲ။ အကျပ်ကိုင်ထားလို့သာ ထွက်လို့မရသေးတာ”ဟု နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
ဒေါ်ဝင်းဝင်းအောင်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ မွေးဖွားခဲ့သည့် ရခိုင်လူမျိုးတစ်ဦး ဖြစ်ပြီး သူငယ်တန်းမှ ဘွဲ့ရရှိသည်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပညာသင်ကြားခဲ့ကြောင်း၊ ထို့အပြင် တက္ကသိုလ်များ၌ နည်းပြဆရာမအဖြစ် တာဝန်မထမ်းဆောင်မီကာလများတွင်လည်း စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်းအချို့တွင် မူလတန်းပြ၊ အလယ်တန်းပြရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း စစ်ကောင်စီက ဖော်ပြထားသည်။
ဒေါ်ဝင်းဝင်းအောင်သည် စစ်ကောင်စီက အကောင်အထည်ဖော်နေသည့် ငလျင်ဘေးဒဏ်သင့်
တက္ကသိုလ်ဝင်တန်းကျောင်းသားများအား စာမေးပွဲဖြေခိုင်းမည့်အစီအစဉ်ကို ကန့်ကွက်သူတစ်ဦးဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်၊ အဝေးသင်ဌာနအသိုင်းအဝိုင်းမှ သိရသည်။
ငလျင်ကြောင့် အဖြေလွှာများပျက်စီးသွားသော ဘေးသင့်တက္ကသိုလ်ဝင်တန်းကျောင်းသား ၆သောင်းကျော်သည် မေလ၁၆ရက်မှစ၍ စာမေးပွဲပြန်ဖြေရန် စစ်ကောင်စီက တရားဝင်ကြေညာထားပြီး ယင်းအပေါ် စစ်တပ်အသိုင်းအဝိုင်းကပါ ပြင်းပြင်းထန်ထန်ဝေဖန်နေသည်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော ရစ်ခ်တာစကေး ၇ ဒသမ ၇အဆင့်ရှိ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်ပင်မဆောင် ပြိုကျပြီး မီးလောင်သွားရာ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် မန္တလေးတိုင်းမှ ကျောင်းသားကျောင်းသူ ၄၆,၉၄၄ ဦး၊ စစ်ကိုင်းတိုင်းမှ ၇,၃၁၁ဦး၊ ကချင်ပြည်နယ်မှ ၈,၆၉၉ဦး၏ အဖြေလွှာများ ပျက်စီးသွားခဲ့သည်။ ငလျင်ဒဏ်သင့် ကျောင်းသားကျောင်းသူ ၆၂,၉၅၄ဦးသည် စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် အကျုံးဝင်နေသည်။အဆိုပါကျောင်းသားများသည် မေလ ၁၆ ရက်မှ မေလ ၂၁ ရက်အထိ မန္တလေး၊ စစ်ကိုင်း၊ကချင်နှင့်နေပြည် တော်တို့တွင်စာမေးပွဲများ ပြန်လည်ဖြေဆိုရမည်ဟု စစ်ကောင်စီက ကြေညာထားသည်။
အဆိုပါစာမေးပွဲအတွက် စစ်ကောင်စီက သင်တန်းများပြန်ပေးနေချိန်တွင် ဒေါ်ဝင်းဝင်းအောင်သည် စစ်ကောင်စီအား ဆန့်ကျင်အာဏာဖီဆန်သွားခြင်းဖြစ်သည်ဟု ပညာရေးအသိုင်းအဝိုင်းက သုံးသပ်သည်။
လက်ရှိစစ်ကောင်စီကပေးနေသည့်သင်တန်းတွင် ပညာရေးဝန်ထမ်းများအား နေအိမ်အကျယ်ချုပ်ကဲ့သို့ စည်းကမ်းတင်းကြပ်ထားပြီး ဖိအားမျိုးစုံပေးနေကြောင်းလည်း ပညာရေးဝန်ထမ်းများ၏မိသားစုဝင်အချို့က ပြောသည်။
