မေ-၁၂၊၂၀၂၅။ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်(မူးမြို့နယ်)တွင် ရန်ကုန်တွင်YBS ယာဥ်မောင်းနေရာမှစစ်သားသစ်အဖြစ်စုဆောင်းခံရသောစစ်သား တဦးလက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။
မေလ ၅ရက်က ခမရ-၄၃၉တပ်ရင်းမှ တပ်သား ကိုသက်အောင် ခေါ် ကိုသက်သည် လက်နက် ၁လက်၊ ကျည်ဘောက်၊ ကျည်များ ယူလာပြီး KNU လက်အောက်ခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ရင်း(၈)ထံ လက်နက်ချ အလင်းဝင်ခံခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်သားသစ်သည် ယခင်က (YBS) ကားမောင်းသမားတစ်ဦးဖြစ်ပြီး ၎င်း၏ဆန္ဒမပါပဲ စစ်မှုထမ်းရန် မတရားဖမ်းဆီး စေခိုင်းခံရသူဖြစ်သည်ဟုထုတ်ပြန်ချက်၌အသိပေးသည်။

Public Service Announcement
ထိုသို့စစ်သားစုဆောင်းခံရပြီးနောက်မုန်းဒေသ ပြဒါးစခန်းမှထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်ဟုသိရသည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို KNLA တပ်ရင်း(၈)မှ ဆုငွေ ၁၀သိန်း ကျပ်ပေးအပ်ခဲ့ဟု ထုတ်ပြန်သည်။
ထိုသိုအာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ မတရား ဖမ်းဆီးကာ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်ကောင်စီတပ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများထံသို လက်နက်ချ အလင်းဝင်ရန်လည်း KNU ဗဟိုက ထပ်မံ ဖိတ်ခေါ် တိုက်တွန်းခဲ့သည်။
KNLAဗဟိုဌာနချုပ်ကလည်းစစ်ကောင်စီတပ်သားများအနေဖြင့်လက်တဆုပ်စာစစ်ဗိုလ်ချုပ်ကြီးများ အကျိုးစီးပွားကို ကာကွယ်ခြင်းမပြုဘဲ KNLAထံ လာရောက်ပူးပေါင်းရန် ယခုရက်ပိုင်းအတွင်းကြေညာချက်တိုက်တွန်းထားသည်။
အလင်းဝင်လိုသည့် စစ်ကောင်စီတပ်သားများအနေဖြင့် ကျည်ဖြုတ်ထားသည့် သေနတ်အား ခေါင်းကို မြေကြီးအောက်ချ၍ နောက်ကျောတွင်လွယ်ကာ လက်ဗလာဖြင့် ရောက်ရှိသည့် နေရာမှ ရှေ့တန်းရှိ KNLA တပ်ဖွဲ့ထံ တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ လာရောက်ရန် KNLAက တိုက်တွန်းထားပြီး အလင်းဝင်လာသူများအနေဖြင့် နိုင်ငံတကာ ဥပဒေစံနှုန်းနှင့်အညီ အသက်ရှင်သန်ခွင့် ရရှိမည်ဟု အသိပေးသည်။
