နိုင်ငံစီးပွားရေးနဲ့ ယှဉ်ရင် စစ်ရေးအသုံးစရိတ် အချိုးအစား အမြင့်ဆုံး အသုံးပြုတဲ့ နိုင်ငံအဖြစ် မြန်မာက အာရှ ပစိဖိတ်မှာ ဦးဆောင်နေတယ်လို့ CNN ကသတင်းဖော်ပြပါတယ်။
စတော့ခ်ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနဌာန (SIPRI)က အခုသီတင်းပတ် အစောပိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ စစ်ရေး အသုံးစရိတ်ဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ရာမှာ အဲဒီ တွေ့ရှိချက်ကို ထည့်သွင်း ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ပထဝီဝင်နိုင်ငံရေးတင်းမာမှုအခြေအနေပေါင်းစုံကြောင့် ၂၀၂၄ ခုနှစ်ဟာ စစ်အေးခေတ် ပြီးဆုံးတဲ့နောက်ပိုင်းကမ္ဘာပေါ်မှာစစ်ရေးအသုံးစရိတ်တိုးတက်မှုအမြင့်ဆုံးနှစ်အပိုင်းအခြား ဖြစ်လာတယ်လို့ SIPRIက ဆိုပါတယ်။

Public Service Announcement
စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ မြန်မာနိုင်ငံကတော့ ၂၀၂၄ ခုနှစ်မှာ နိုင်ငံရဲ့ တစ်နှစ်တာ ပြည်တွင်းထုတ်လုပ်မှုစွမ်းအား (GDP)ရဲ့ ၆.၈ ရာခိုင်နှုန်းကို စစ်ရေးအတွက် သုံးစွဲခဲ့ပြီး တန်ဖိုးအနေနဲ့ ဒေါ်လာ ၅ ဘီလီယံလောက် ရှိတယ်လို့ ခန့်မှန်းကြောင်း SIPRIက ဖော်ပြထားပါတယ်။
ဒါဟာအရင်နှစ်ကထက် ၆၆ ရာခိုင်နှုန်းမြင့်တက်လာတဲ့ ကိန်းဂဏန်း ဖြစ်သလို GDP တန်ဖိုးနဲ့ စစ်အသုံးစရိတ် ယှဉ်ရင် မြန်မာဟာ အာရှ-ပစိဖိတ် ဒေသတစ်ခုလုံးမှာ အများဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေးအသုံးစာရိတ်ကျပ်ဘီလီယံ ၅၆၀၀ ကျော်သုံးစွဲမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာတော့ဘယ်လောက်သုံးစွဲမယ်ဆိုတာမထုတ်ပြန်တော့ပဲ လိုသလောက်အသုံးပြုခွင့်လို့ စစ်ကောင်စီကဆိုခဲ့ပါတယ် ။၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နောက်ဆက်တွဲဘက်ဂျက်မှာ ကာကွယ်ရေးအသုံးစာရိတ်ကို စစ်ကောင်စီကလိုသလောက်ထပ်တိုးသုံးစွဲခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ကာကွယ်ရေးအသုံးစာရိတ်ဟာ GDP တစ်ခုလုံးရဲ့ ၃၀ ရာခိုင်နှုန်းခန့်အထိရှိနိုင်တယ်လို့လည်းသိရပါတယ် ။
ရွေးကောက်ခံအရပ်သားအစိုးရလက်ထက် နောက်ဆုံးဘဏ္ဍာရေးနှစ်ဖြစ်တဲ့၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေး အသုံးစရိတ်ကို ကျပ်ဘီလီယံ ၃၄၀၀ ကျော်သတ်မှတ်ခွင့်ပြုခဲ့တာဖြစ်ပါတယ် ။
စစ်ကောင်စီဟာ ၂၀၂၃ နှစ်လယ်ပိုင်းမှာ ကရင်နီပြည်မှာ မယ့်စဲ့မြို့ကို ကရင်နီတပ်ပေါင်းစုကထိုးစစ်ဆင်သိမ်းပြီးနောက်ပိုင်း မြို့တွေဆက်တိုက်လက်လွှတ်လာရတာဟာ မြို့ပေါင်း အနည်းဆုံး ၉၅ မြို့ရှိပြီဖြစ်ပါတယ် ။ အထူးသဖြင့် ၂၀၂၃ အောက်တိုဘာ ၂၇ မှစတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးပြီးနောက်ပိုင်း စစ်အုပ်စုဟာမြို့တွေဆုံးရတာပိုမြန်လာခဲ့တာပါ။
စစ်ကောင်စီကစစ်ရေးအသုံးစာရိတ်တွေအများကြီးအသုံးပြုပြီး လေကြောင်းအာသာချက်ကိုအသုံးချ ဗုံးကြဲတိုက်ခိုက်နေပေမယ့် ဆုံးရှုံးခဲ့တဲ့မြို့ကိုတိုက်ပြီး ပြန်ရတာဟာ ဆီဆိုင် ၊ကောလင်း၊ဒီပဲယင်း မြို့တွေပဲရှိပါတယ်။ရမခ အခြေစိုက်တဲ့လားရှိုးမြို့ဟာလည်းတရုတ်ကဖိအားပေးတာကြောင့် MNDAA ကပြန်လွှဲပေးခဲ့တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာနိုင်ငံတကာစစ်တပ်တွေရဲ့စစ်ရေး အသုံးစရိတ်ဟာဒေါ်လာ ၂.၇၁၈ ထရီလီယံထိ မြင့်တက်ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၉.၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ SIPRIက နှစ်စဉ် ထုတ်ပြန်နေကျ စာရင်းတွေမှာ စစ်အေးခေတ်အဆုံးသတ်ပြီးနောက်ပိုင်းရာခိုင်နှုန်းအများဆုံး မြင့်တက်မှုစံချိန်တစ်ခုအနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။
အာရှ နိုင်ငံတွေထဲမှာတော့ဂျပန်ဟာ၂၀၂၃ ခုနှစ် နဲ့ယှဉ်ရင်ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၄ ခုနှစ်မှာ ၂၁ ရာခိုင်နှုန်း မြှင့်တင်ခဲ့ပြီး ဒါဟာ ၁၉၅၂ ခုနှစ်နောက်ပိုင်း ပမာဏ အများဆုံး ချဲ့ထွင်သုံးစွဲမှု ဖြစ်လာပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ GDPနဲ့ ယှဉ်ရင်တော့ ဂျပန်ရဲ့စစ်သုံးစရိတ်ဟာ၁.၄ရာခိုင်နှုန်းသာ ရှိပါတယ်။
တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတဲ့ ဖိလစ်ပိုင်ကလည်း ကာကွယ်ရေး အသုံးစရိတ်ကို၂၀၂၄ ခုနှစ်မှာ၁၉ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပါတယ်။ တောင်ကိုရီးယားကတော့ ၂၀၂၃ ကထက် အသုံးစရိတ် ၁.၄ ရာခိုင်နှုန်းသာ ထပ်မြှင့်ခဲ့ပေမယ့် အရှေ့အာရှမှာ GDPနဲ့ ယှဉ်ရင်စစ်သုံးစရိတ်အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ တောင်ကိုရီးယားဟာGDPရဲ့ ၂.၆ ရာခိုင်နှုန်းကိုစစ်ရေးအတွက် သုံးစွဲနေတယ်လို့ SIPRIက ဆိုပါတယ်။
အာဖရိကနိုင်ငံတွေရဲ့ပျမ်းမျှစစ်သုံးစရိတ်ဟာလည်း၂၀၂၄ ခုနှစ်မှာ အရင်နှစ်ကထက် ၃ ရာခိုင်နှုန်းလောက် မြင့်တက်လာပါတယ်။ဒါပေမဲ့အာဖရိက ရဲ့ စစ်သုံးစရိတ် အများဆုံးဖြစ်တဲ့ အယ်လ်ဂျီးရီးယား နိုင်ငံတောင်မှ ကမ္ဘာ့အဆင့်မှာတော့ နံပါတ် ၂၀ သာ ချိတ်ခဲ့ကြောင်း သိရပါတယ်။
ကိုးကား-CNN
