ဧပြီ ၃၀၊၂၀၂၅။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ကုန်းချမ်းကျေးရွာတွင် အမျိုးသားသုံးဦး မိုးကြိုးပစ်ခံရပြီး သေဆုံးသွားကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
ဧပြီ၂၈ရက်က မိုးသက်လေပြင်းကျနေချိန် မီးသွေးသွားထုတ်ယူသည့် အမျိုးသားသုံးဦး မိုးကြိုးပစ်ခံခဲ့ရပြီး သေဆုံးနေသည့်ရုပ်လောင်းများကို ဧပြီ ၂၉ရက်တွင် မိသားစုဝင်တစ်ဦးက တွေ့ရှိခြင်းဟု ယနေ့ (ဧပြီ ၃၀ရက်) ထုတ်ပြန်ထားသည်။
“တောထဲမှာဖြစ်နေတာကို မသိဘူး။ မိသားစုကနောက်ကလိုက်ပြီးထမင်းပို့တော့မှသိရတာ။ မိုးကြိုးပစ်လို့ တစ်နေရာထဲမှာ လူသုံးယောက်သေဆုံးတာ အခုမှကြားဖူးတာ”ဟု ကွတ်ခိုင်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
သေဆုံးသူများမှာ အသက် (၆၂)နှစ်အရွယ် ဦးလွင်ခိုင်၊ အသက် (၃၆)နှစ်အရွယ် ဦးအိုက်လွင်နှင့် အသက် (၃ဝ)နှစ်အရွယ် ဦးအိုက်မွန်းတို့ဖြစ်ကြပြီး ယနေ့ ညနေ ၃နာရီအချိန်တွင် မီးသဂြိုလ်ပေးခဲ့သည်ဟု TNLAက သတင်းထုတ်ပြန်သည်။
ဧပြီ ၂၈ရက်က ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် နေရာကွက်မိုးကြီးခဲ့ပြီး မိုးသက်လေပြင်းကျခဲ့သည်။
ရှမ်းပြည်နယ်၊နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း ကရင်ပြည်နယ်နှင့်ကရင်နီပြည်နယ်တို့တွင် ယခုရက်ပိုင်း၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိ ပေးထားသည်။ ထို့အပြင် နေ့အပူချိန်များတိုးလာသောကြောင့် မွန်းလွဲ/ညနေပိုင်း အချိန် များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့်ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။
