close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က ခေတ်မီလူသတ်လက်နက်သာရှိပြီီး အများပြည်သူကယ်တင်နိုင်သည့်ပစ္စည်းမရှိသည့် အခြေအနေ၌ လွတ်လပ်စွာ သတင်းရယူခွင့် မပေးဟု IPCM အတွင်းရေးမှူးပြော

အာဏာသိမ်းစစ်ကောင်စီသည် ခေတ်မီလူသတ်လက်နက်များသာရှိပြီး လူအများကို ကယ်တင်မည့် ပစ္စည်းများ မရှိ၍ သတင်းသမားများအား လွတ်လပ်စွာ သတင်းရယူခွင့် မပေးခြင်းဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။

မန္တလေးမြို့တွင် ငလျင်ကြောင့် လုံးဝပြိုကျသွားသည့်အဆောက်အဦးကို တွေ့ရစဥ်။ ဓာတ်ပုံ - Reuters

ဧပြီ ၁၊ ၂၀၂၅။ အီယိုရီ/People’s Spring

အာဏာသိမ်းစစ်ကောင်စီသည် ခေတ်မီလူသတ်လက်နက်များသာရှိပြီး လူအများကို ကယ်တင်မည့် ပစ္စည်းများ မရှိ၍ သတင်းသမားများအား လွတ်လပ်စွာ သတင်းရယူခွင့် မပေးခြင်းဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောသည်။

အင်အားပြင်းငလျင်ဖြစ်စဥ်များအပေါ် သတင်းသမားအား လွတ်လပ်စွာ သတင်းရယူတင်ဆက်ခွင့်ပေးရန် IPCM က ယနေ့ ထုတ်ပြန်တိုက်တွန်းလိုက်ပြီး ပြည်တွင်းနှင့် နိုင်ငံခြားသတင်းထောက်များအား စစ်ကောင်စီက လွတ်လပ်စွာ သတင်းရယူခွင့် မပေးခြင်းမှာ ၎င်းတို့၏ စီမံခန့်ခွဲမှုအလွဲအမှားများကို ပြည်တွင်း၊ ပြည်ပ သတင်းဌာနများက ဝေဖန်မည်စိုး၍ သတင်းရယူခွင့်မပေးခြင်းဖြစ်ကြောင်း IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က သုံးသပ်သည်။

“သူတို့ရဲ့ အစီအမံအလွဲအမှားတွေပေါ့။ စစ်ကောင်စီဟာ များသောအားဖြင့် ခေတ်မီလူသတ်လက်နက်တွေ ရှိပြီး လူတွေ ကယ်မယ့် လက်နက်တွေ မရှိဘူးလေ။ အဲဒါတွေကို နိုင်ငံတကာသတင်းပဲဖြစ်ဖြစ်၊ ပြည်တွင်းသတင်းပဲဖြစ်ဖြစ် အဲဒါတွေက ဝေဖန်မှာ စိုးလို့ သတင်းရယူခွင့် မပေးတာပါ။ နောက်တစ်ခုက စစ်တပ်က အခုမှမဟုတ်ပါဘူး၊​အရင် နာဂစ်တုန်းကလည်း မပေးခဲ့ပါဘူး။ မြန်မာပြည်ဟာ ဂျီနိုဆိုက်ဆိုတဲ့စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်နေရတာ၊ နိုင်ငံတကာသတင်းထောက်တွေကို ပေးဝင်လိုက်ရင် ငလျင်ဘေးအပြင် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို တစ်ခါတည်း စုံစမ်းဖော်ထုတ်သွားမှာကို ကြောက်တာလည်း ပါမှာပေါ့” ဟု အထက်ပါ IPCM အတွင်းရေးမှူးက ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် သက်ရောက်မှုများကို သတင်းရယူနိုင်ရေးအတွက် နိုင်ငံတကာ သတင်းထောက်များကိုလည်း စစ်ကောင်စီက ဗီဇာ အလွယ်တကူ ထုတ်ပေးရန်လည်း တောင်းဆိုသော်လည်း စစ်ကောင်စီ နိုင်ငံတကာသတင်းထောက်များကို ပေးမဝင်လိုကြောင်း သိရ၍ ယင်းအပေါ် IPCM က ရှုတ်ချကန့်ကွက်သည်။

မတ်လ ၂၈ ရက်က လှုပ်ခတ်လိုက်သော ရစ်ချ်တာစကေး ၇.၇ ရှိသည့် ငလျင်ကြီးသည် မြန်မာနိုင်ငံ၏ ခေတ်သစ် သမိုင်းတွင် အပြင်းထန်ဆုံးဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ တံတားဦး၊ မြစ်သား၊ ပျော်ဘွယ်၊ နေပြည်တော်၊ ပျဉ်းမနား၊ တောင်ငူ စသည့်ဒေသများတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။ လမ်း၊ တံတားနှင့် ဘာသာရေးနေရာ အပါအဝင် အခြေခံအဆောက်အအုံများစွာ ပျက်စီးသွားခဲ့ပြီး လူသေကြေထိခိုက်မှုကိန်းများမှာ နေ့စဉ်မြင့်တက် လာနေကြောင်း IPCM က ဖော်ပြသည်။

ထိုသို့သော ငလျင်ဒဏ်ခံအခြေအနေကို အရေးပေါ်ကယ်ဆယ်ရေးကာလမှသည် ပြန်လည်ထူထောင်ရေး ကာလထိ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ရာ ပြည်တွင်းပြည်ပမှ ကူညီကယ်ဆယ်ရေး ဝန်ထမ်းများသာမက သတင်းမီဒီယာသမားများ မြေပြင်ကွင်းဆင်း၍ လုံခြုံ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ပေးရန်ကလည်း အရေးကြီးကြောင်း IPCM က ထောက်ပြသည်။

“အရှိကို အရှိအတိုင်း တကယ်လိုအပ်တဲ့အကူအညီတွေ၊ လိုအပ်တဲ့နေရာတိုင်းမှာ တိတိကျကျ၊ မှန်မှန်ကန်ကန် သတင်းစီးဆင်းမှုကလည်း အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါမှ နိုင်ငံတကာကဖြစ်ဖြစ်၊ ပြည်တွင်းကဖြစ်ဖြစ် ကူညီချင်တဲ့သူက တကယ်လိုအပ်တဲ့သူကို တကယ်လိုအပ်တဲ့အကူအညီတွေ ပေးနိုင်မှာဖြစ်တဲ့အတွက် အခုလို သတင်းစီးဆင်းမှု ဟန့်တားတာက ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို အများကြီး အန္တရာယ်ရှိတဲ့အတွက် အမြန်ဆုံးသတင်းစီးဆင်းမှု မှန်မှန်ကန်ကန် ရရှိစေချင်ပါတယ်” ဟု IPCM အတွင်းရေးမှူးက ပြောသည်။

ထို့အပြင် အင်တာနက်ကို ကန့်သတ်ပိတ်ဆို့ထားခြင်းကိုလည်း စစ်ကောင်စီက ပြန်ဖွင့်ပေးရမည်ဖြစ်ပြီး ကပ်ဘေးကာလအတွင်း စစ်ကောင်စီ၏ အင်တာနက်ဆက်လက်ပိတ်ထားမှုသည် အကြပ်အတည်းကို ပိုမိုဆိုးရွားစေကြောင်း IPCM က ဆိုသည်။ နိုင်ငံတကာအကူအညီများထဲတွင် အမေရိကန်မှ Starlink ဆက်သွယ်ရေးစနစ်များလည်း ပါဝင်ရာ အများပြည်သူအကျိုးစီးပွားကို မျှော်ကိုးလျက် စစ်ကောင်စီ အနေဖြင့် အလျင်အမြန် လက်ခံ အသုံးပြုသင့်ကြောင်း တိုက်တွန်းသည်။

ယင်းနောက် စစ်ကောင်စီသည် သဘာဝဘေး သတင်းမှတ်တမ်းယူသူများကို ဖမ်းဆီးချုပ်နှောင်သည့် မှတ်တမ်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်သို့ သတင်းသွားယူစဉ် Myanmar Now ဓာတ်ပုံ သတင်းထောက် ကိုစိုင်းဇော်သိုက်ကို အဓမ္မဖမ်းဆီးခဲ့သည်။

ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရသည့် ကိုစိုင်းဇော်သိုက်နှင့် ဖမ်းဆီးခံ သတင်းမီဒီယာသမားများကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်လည်း IPCM က တောင်းဆိုသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မတ်လ၂၈ ရက်နေ့က ငလျင်ကြီးဟာမြန်မာကို ရေရှည်မှာဒီမိုကရေစီနဲ့ဝေးရာကိုတွန်းထုတ်နေပါတယ်။ အနောက်ကမ္ဘာကို ရွံကြောက်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးများ၊ အိမ်ဖြူတော်မှာ သမ္မတလုပ်တမ်းကစား နေတဲ့ထရန့်နဲ့အပေါင်းအပါတွေနဲ့ “ဂျပိုးများသမဂ္ဂ" ဖွဲ့နေတဲ့တရုတ်နဲ့ရုရှား တို့လိုနိုင်ငံတွေက ဒီပြဿနာမှာ ချောဆီတွေပါပဲ။

သတင်း

ငလျင်ဘေးကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များထိုးစစ်ရပ်နားထားချိန်တွင် စစ်ကောင်စီက မုံရွာ-မန္တလေးလမ်းမကြီးကိုအသုံးပြုပြီး ချောင်းဦးနှင့် မြင်းမူမြို့နယ်တို့၌ အင်အားဖြည့်တင်းနေကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကိုသန့်က လူထုနွေဦးသို့ ပြောသည်။

သတင်း

အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေး၊အမရပူရနဲ့ စစ်ကိုင်းမြို့က ဗလီတွေပြိုကျလို့ အစ္စလာမ်ဘာသာဝင်တွေ သေဆုံးသူ ၆၀၀ခန့်အထိ ရှိလာတယ်လို့ အစ္စလာမ်သာသနာရေးရာကောင်စီ(မန္တလေး)က ဦးခင်မောင်သန်းက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းအတွင်း ငလျင်ကြောင့် ပိတ်မိနေသူများအား လေးရက်အကြာ မတ်လ ၃၁ရက်အထိ အသက်ရှင်လျက် ၄၀၀ ကျော်ကယ်ထုတ်ထားနိုင်ပြီဖြစ်ပြီး သေဆုံးသူ၂၅၉ ဦး၏ ရုပ်အလောင်းများအား ထုတ်ယူထားနိုင်ပြီဖြစ်ကြောင်း မီးသတ်ဦးစီးဌာနက မတ်လ ၃၁ရက်တွင် ထုတ်ပြန်သည်။