ဧပြီ ၂၀၊၂၀၂၅။ ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာစခန်းကို ဧပြီ ၁၉ရက်က သိမ်းပိုက်နိုင်ခဲ့ရာ တိုက်ပွဲဝင် တော်လှန်ရေးအင်အားစုများကို ဂုဏ်ပြုကြောင်း KNU ဘိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ နှင့် တပ်မဟာ(၄) တပ်မမှူးတို့က လက်မှတ်ရေးထိုးပြီး မှတ်တမ်းလွှာကို ထုတ်ပြန်သည်။
ထီးထာ ဗျူဟာစခန်းကို ဧပြီ ၁၂ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ ဧပြီ ၁၉ရက်အထိ စခန်းသိမ်းတိုက်ပွဲ ကာလအတွင်း KNU၊ KNLA တပ်မဟာ(၄)နှင့် အတူ စွမ်းစွမ်းတမံတိုက်ပွဲဝင်ခဲ့သည့် မဟာမိတ် တော်လှန်ရေး အင်အားစုများအား အဖွဲ့မည်များ ဖော်ပြပြီး အသိအမှတ်ပြု ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။
စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင် ၍ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်လိုသည့် လူငယ် ရဲဘော်ရဲဖက်များ၏ ပေး ဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်ကြောင်း ဖော်ပြသည်။

Public Service Announcement
” မိမိတို့၏ စုပေါင်းညီညွတ်သောအင်အားဖြင့် အခုကဲ့သို့ အောင်ပွဲရရှိစေရန် နည်းပညာအားဖြင့်ဖြစ်စေ၊ ဘဏ္ဍာငွေအားဖြင့်ဖြစ်စေ အဖက်ဖက်မှ ကူညီပံ့ပိုးသူများ ၊ မိမိတို့ တိုက်ပွဲဝင် ရဲဘော်များ ဘေးရန်ကင်း ဝေးစေရန်အတွက် ဝိုင်းဝန်း ဆုတောင်းမေတ္တာပို့သ၍ စိတ်ဓါတ်ခွန်အား ပံ့ပိုးပေးကြ သည့် ပြည် သူများ အား ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုအပ်ပါသည်” ဟု ခရိုင် ဥက္ကဋ္ဌ နှင့် တပ်မဟာမှူးတို့ လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုမှတ်တမ်းလွှာ၌ ဖော်ပြထားသည်။
ကမ်းရိုးတမ်းတိုင်းစစ်ဗျူဟာ (၁)စခန်းအား အပြီးသတ်သိမ်းပိုက်ခဲ့သည့် (၈)ရက်တာ တိုက်ပွဲတွင် ပါ ဝင်ခဲ့သည့် တပ်ဖွဲ့များ၏ အမည်စာရင်းကိုလည်း ဖော်ပြခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ ဌာနချုပ် တပ်ဖွဲ့များ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တပ်မဟာ(၄)တပ်ရင်း (၁၀)၊ တပ်ရင်း(၁၁)၊ တပ်ရင်း (၂ဝ၃)၊ KNLA တပ်မဟာ ၄ – KNDO တပ်ရင်း (၇)၊ KNU – မြိတ်-ထားဝယ်ခရိုင် သစ်တောဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) – ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း- ၁၊ ထားဝယ်ခရိုင် တပ်ရင်း-၂ တို့ ပါဝင်ကြောင်း အသိပေးသည်။
ထို့ပြင် FFD – ဖက်ဒရယ်ဒီမိုကရေစီအတွက် အင်အားစု၊ KDSF – Karen Drone အထူးတပ်ဖွဲ့၊ Dragon Square UAV၊ ဘုတ်ပြင်းမြို့နယ် CDM ရဲတပ်ဖွဲ့၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် – TPLF၊ KNPF-ကရင်အမျိုးသားရဲတပ်ဖွဲ့၊ Sky Ghost Drone တပ်ဖွဲ့၊ ကျေးရွာလုံခြုံရေးအဖွဲ့များ၊ ကဆယ်ဒိုမြို့နယ်ခေါင်းဆောင် နှင့် အဖွဲ့သားများ၊ နယ်မြေအတွင်းရှိ ဒေသခံများ၊ KWO၊ KYO အဖွဲ့များလည်း ပါဝင်သည်ဟု အသိပေးထားသည်။
စခန်းသိမ်းတိုက်ပွဲအတွင်းသိမ်းပိုက်ရရှိထားသည့် လက်နက်ခဲယမ်းများနှင့်အတူ အောင်ပွဲခံနေသည့် တော်လှန်ရေးရဲဘော်များ၏ မှတ်တမ်းဓာတ်ပုံကိုလည်း တပ်မဟာ(၄) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ထုတ်ပြန်ခဲ့သည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗျူဟာမှူး သေဆုံးခဲ့ဟု တိုက်ပွဲ၌ ပါဝင်သည့် FFD အဖွဲ့ ဒုတာဝန်ခံ ကိုအောင်အောင်က ပြောပြထားသည်။
အဆိုပါ ထီးထာဗျူဟာစခန်းကို သိမ်းပိုက်နိုင်ခြင်းသည် တပ်မဟာ(၄)နယ်မြေ၌ ဗျူဟာအဆင့်စခန်းကို ပထမဆုံး သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပြထားသည်။
ယင်းထီးထာ စခန်းနေရသည် ယခင်က KNU ဘိတ်-ထားဝယ်ခရိုင် အုပ်ချုပ်ရေး အဖွဲ့၏ ဌာနချုပ်နယ်မြေဖြစ်ပြီး နှစ်ပေါင်း ၂၈နှစ်အကြာတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။
















































