close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် အိုးဘိုအကျဉ်းထောင်မှ နိုင်ကျဉ်း ၂၀ အပါအဝင် အကျဉ်းသား ၃၀ ထက်မနည်း သေဆုံး

ငလျင်ဒဏ်ခံစားထားရသည့် နိုင်ကျဉ်းများအား ထောင်ပြောင်းရွှေ့မည်ဟု စစ်ကောင်စီက ခြိမ်းချောက်ဖိနှိပ်မှုများ ပြင်းပြင်းထန်ထန်လုပ်နေဟု နိုင်ကျဉ်းအဖွဲ့အစည်း(၇)ဖွဲ့ ထုတ်ပြန်

ဧပြီ ၂၀၊၂၀၂၅။မက်ကစံ/People’s Spring

အင်အားပြင်းစစ်ကိုင်းငလျင်ကြီးကြောင့် ပြုပြင်မွမ်းမံခြင်းမရှိသော အကျဉ်းထောင်များပြိုကျပျက်စီးမှုများရှိခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၂၀ဦးအပါအဝင် အကျဉ်းသား ၃၀ထက်မနည်း သေဆုံးခဲ့ရပြီး အကျဉ်းသား ၂၈၀ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားကူညီပေးနေသော အဖွဲ့အစည်း (၇)ဖွဲ့က ထုတ်ပြန်သည်။

မန္တလေးအိုးဘိုထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများသည် စစ်ကိုင်းငလျင်ကြီးကပ်ဘေးကို ဆိုးရွားစွာထိခိုက်ခံစားခဲ့ကြရသော်လည်း ယခုချိန်အထိ ပြည်တွင်း၊ ပြည်ပနှင့် နိုင်ငံတကာအဖွဲ့စည်းများထံမှ လူသားချင်းစာနာ ထောက်ထားမှု အကူအညီမရရှိကြသည့်အပြင် သတင်းအမှောင်ချခံထားရသည့် အခြေအနေတွင်ရှိနေသည်ဟု အဆိုပါ အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်အုပ်စုသည် အကျဉ်းထောင်တွင်း ငလျင်ကြောင့် ထိခိုက်သေဆုံးမှုအခြေအနေများကို ယနေ့အချိန်အထိ ရည်ရွယ်ချက်ရှိရှိ သတင်းဖုံးကွယ်ထားသည့်အပြင် ငလျင်ဒဏ်ခံစားထားရသည့် နိုင်ငံရေးအကျဉ်းသူ၊ သားများကို ထောင်ပြောင်းရွှေ့မည်ဟု ခြိမ်းချောက်ဖိနှိပ်မှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားထားရသည့် နိုင်ငံရေးအကျဉ်းသူ၊သားများသည် ထောင်တွင်းဆေးကုသမှု လုံလုံလောက်လောက် မရရှိကြရသည့်အပြင် အကျဉ်းထောင်ဝန်ထမ်းများ၏ ဖိနှိပ်ခြိမ်းခြောက်မှုများကိုပါ ခံနေကြရသည်ဟု ဆိုသည်။

ငလျင်ကြောင့် ပျက်စီးယိုယွင်းနေသော အကျဉ်းထောင်အဆောက်အအုံများအတွင်းသို့ ဝင်ရောက်နေထိုင်ရန် အတင်းအကြပ်စေခိုင်းမှုများရှိနေပြီး ၎င်းတို့၏ စေခိုင်းမှုကို မနာခံသော နိုင်ငံရေးအကျဉ်းသူ/သားများကို သာယာဝတီထောင်သို့ ပြောင်းရွှေ့ရန် ခြိမ်းခြောက်စီစဉ်လျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် ငလျင်ကြီး၏ နောက်ဆက်တွဲငလျင်များကြောင့် နိုင်ငံရေးအကျဉ်းသူ၊သားများ၏ အကျဉ်းထောင်တွင်းနေထိုင်ရမှုမှာ အချိန်မရွေး သေဆုံးနိုင်ချေရှိသည့် အသက်အန္တရာယ် စိုးရိမ်ရမှုများ၊ အာဏာပိုင်များ၏ ခြိမ်းခြောက်ခံရမှုများကြားတွင် နေ့စဉ်နေထိုင်နေရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့ကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်အပါအဝင် နိုင်ငံတဝှမ်း အကျဉ်းထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသူ၊ သားများ လက်ရှိရင်ဆိုင်နေရသော အခြေအနေများအား တော်လှန်ရေးအဖွဲံအစည်းများနှင့် ပြည်သူများသိရှိစေရန် ထုတ်ပြန်ရခြင်းဟု ဆိုသည်။

ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်းမှ နိုင်ငံရေးအကျဉ်းသားများအား အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်စွာ ဖိနှိပ်အကြမ်းဖက်မှု အခြေအနေအား စဉ်ဆက်မပြတ် စောင့်ကြည့်ဖိအားပေးကြရန် အထူးတိုက်တွန်းတောင်းဆိုထားသည်။

ထိုကဲ့သို့ ထုတ်ပြန်တောင်းဆိုသော အဖွဲ့အစည်းများ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – မြန်မာ (PPNM)၊ နိုင်ငံရေး အကျဉ်းသားများအတွက် Ju Assistant Association (AAPP)၊ ကရင်နီနိုင်ငံရေး အကျဉ်းသားများအသင်း (KPPA)၊ အမျိုးသမီးနိုင်ငံရေးအကျဉ်းသားများအဖွဲ့ (WOPP)၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)၊ ‘နွေဦးတမာန်’ နိုင်/ကျဉ်းကူညီစောင့်ရှောက်ရေးအဖွဲ့နှင့် ထောင်ဝင်စာပို့ကြမယ် အဖွဲ့အစည်းတို့ဖြစ်သည်။

စစ်ကိုင်းငလျင်ကြီးကြောင့် ငလျင်ချက်နှင့်အနီးဆုံးဖြစ်သော မန္တလေးအိုးဘိုအကျဉ်းထောင်မှာ ထခိုက်မှုအများဆုံဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“နောက်ပြီး ရမည်းသင်းအကျဉ်းထောင်မှာလည်း ဒဏ်ရာရတဲ့သူတွေ ရှိတယ်။ တခြားအကျဉ်းထောင်တွေမှာလည်း ရှိတယ်။ သေဆုံးသူအရေအတွက်ကို ဆက်ပြီးတော့ အတည်ပြုဖို့ကြိုးစားနေတဲ့ အရေအတွက်တွေလည်း ထပ်ရှိနေဆဲဖြစ်ပါတယ်။ ဒီ အကျဉ်းသား ၃၀ကျော်က မန္တလေးအိုးဘိုအကျဉ်းထောင်ထဲကပဲ အဆောင်တွေပြိုကျလို့ ကျဆုံးခဲ့ကြတဲ့ အခြေအနေဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

မန္တလေးအိုးဘိုအကျဉ်းထောင်အတွင်းရှိ အမျိုးသမီး အဆောင်(၁)၊အဆောင်(၃)၊ အမျိုးသမီးဆေးရုံဆောင် အပြင် အမျိုးသားအလုပ်ရုံအဆောင်များ ပြိုကျပျက်စီးမှုရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ အဆောင်များသည် အိုမင်းဟောင်းနွမ်းနေသည့် အဆောင်များဖြစ်ပြီး ငလျင်ဒဏ်ကို ကောင်းစွာခံနိုင်ခြင်း၊ အဆောင်များ၌ သတ်မှတ်လူဦးရေထက် ပို၍ ထားရှိခြင်းကြောင့် ထိခိုက်သေဆုံးမှု များခဲ့ခြင်းဟု ကိုသိုက်ထွန်းဦးကထောက်ပြသည်။

(မန္တလေးအိုးဘိုအကျဉ်းထောင်အား တွေ့ရစဉ်။ ဓာတ်ပုံ − CJ)

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီးက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ကို ဘယ်လောက်ထိခိုက်ပျက်စီးသွားစေလဲ ဆိုတဲ့အကြောင်း ဒီတစ်ပါတ်မှာ ပြောပြပါမယ် ။

သတင်း

ငလျင်သည် ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးမျိုးဖြစ်ကြောင်း အင်အားပြင်းစစ်ကိုင်းငလျင်ကြီး လှုပ်ခတ်အပြီး ၂၁ရက်အကြာတွင် စစ်ကောင်စီ လက်အောက်ခံမိုးဇလဌာနက ပထမဆုံးအကြိမ်ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ မကွေးဗဟိုအကျဥ်းထောင်၌ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး စစ်ကောင်စီ၏ ထောင်ဝန်ထမ်းများ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဥ်းသား နှစ်ဦးထက်မနည်းသေဆုံးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ထုတ်ပြန်သည်။

သတင်း

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းစစ်ကိုင်းငလျင်ကြီးဘေးတွင် ကွယ်လွန်ခဲ့သူများအတွက် ရည်စူး၍ ယနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့_Yangon 4 Brothersက အသိပေးထားသည်။