ဧပြီ ၁၉၊၂၀၂၅။ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် ထိုင်း − မြန်မာနယ်စပ်၌ စစ်ရေးအရ အရေးပါသည့် စစ်ကောင်စီ၏ ထီးထာဗျူဟာ တပ်စခန်းကို ယနေ့ (ဧပြီ ၁၉ရက်) ညနေပိုင်း၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
ဧပြီ ၁၁ရက် ညနေပိုင်းက စတင်ထိုးစစ်ဆင်ခဲ့သည့် ထီးထာဗျူဟာစခန်းကို ယနေ့ (ဧပြီ ၁၉ရက်) ညနေပိုင်း၌ အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
” ကျနော်တို့ သိမ်းပြီး တော့ လောလောဆယ် ဘာမှ အတည်ပြုမရသေးဘူး ပစ္စည်းလက်နက်ခဲယမ်းတွေနော်”ဟု ပဒိုစောအယ်နားက လက်နက်ခဲယမ်း၊ စစ်သုံ့ပန်း ရရှိမှုနှင့် ထိခိုက်ကျဆုံး အခြေအနေများ မေးမြန်းမှုအပေါ် ပြောသည်။

Public Service Announcement
ထီးထာဗျူဟာသည် ထိုင်း − မြန်မားနယ်စပ်တလျှောက် ထီးခီး-မေတ္တာနယ်၌ အချက်အခြာကျ အရေးပါသည့် တပ်စခန်းတခုဖြစ်သလို KNU ထားဝယ်ခရိုင် အုပ်ချုပ်ရေး၏ဌာနချုပ်နယ်မြေဖြစ်သည်ဟု ဆိုသည်။အဆိုပါနေရာကို စစ်တပ်က လွန်ခဲ့သည့် ၂၈နှစ်ခန့်က ထိုးစစ်ဆင် သိမ်းပိုက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
“ထီးထာဗျူဟာက အရင်က KNU ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တယ်။ ကျနော်တို့ရဲ့ အုပ်ချုပ်ရေး အဲဒီ ခရိုင်ဌာနချုပ်ဖြစ်တယ်။ ဒီစကစက ၁၉၉၇ ခုနှစ်က ထိုးစစ်ဆင်ပြီးတော့ ကျနော်တို့က လက်လွှတ်ရတာပေါ့”ဟု ပဒိုစောအယ်နားက ပြောသည်။
KNU တပ်မဟာ(၄)နယ်မြေတွင် ၂၀၂၄ နှင့် ၂၀၂၅အတွင်း စစ်ကောင်စီတပ်စခန်းများ၊ စစ်ကောင်စီ စစ်ကြောင်းများကို တပ်မဟာ(၄)နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်မှုအရှိန်မြှင့်လုပ်ဆောင်လာခြင်းဖြစ်ပြီး စခန်းအချို့လည်း သိမ်းပိုက်ရရှိထားသည်။
တပ်စခန်းအချို့ သိမ်းပိုက်နိုင်မှု၊ စစ်ကောင်စီက တပ်စခန်းစွန့်ခွာမှု နှင့် လွန်ခဲ့သည့် တစ်နှစ် ၂၀၂၄ ဧပြီကလည်း စစ်ကောင်စီ၏ ခလရ(၁၀၃)တပ်ရင်းက တပ်ရင်းအလိုက်လက်နက်ချ အညံ့ခံမှု ရှိခဲ့သော်လည်း ဗျူဟာအဆင့် စခန်းကို ယခု ပထမဆုံးသိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
