ဧပြီ-၂၀၊၂၀၂၅။ ခွာညို/People’s Spring
MNDAAဆုတ်ခွာပြီးစစ်ကောင်စီပြန်ဝင်လာသည့်လားရှိုးမြို့တွင် အုပ်ချုပ်ရေးယန္တရားပျက်ပြားနေပြီးလူနေထိုင်ခြင်းမရှိသည့်အဆောက်အအုံအချို့ကို လူတချို့ကဝင်ရောက်၍ပစ္စည်းများခိုး ယူနေကြသည်။
ယခု ရုပ်သံဖိုင်မှာလားရှိုးမြို့၊ အထက(၅)ကျောင်း ခန်းမအား ဧပြီလ၂၀ရက် နံနက်ပိုင်းတွင် လူတချို့က ဖျက်ဆီးဝင်ရောက်၍ ပစ္စည်းများသယ်ယူနေခြင်းဖြစ်သည်။ လားရှိူးကို MNDAA မသိမ်းပိုက်ခင်ကစစ်ကောင်စီသတင်းများ၊ထုတ်ပြန်ချက်များကိုမကြာခဏတင်ပြပေးခဲ့သူတစ်ဦးက လူမှုကွန်ရက်တွင် ရိုက်ကူးဖော်ပြထားခြင်းဖြစ်သည်။

Public Service Announcement
“ပေါ်တင်ကြီးဖျက်ယူနေတာ။ ထိန်းမဲ့သူမရှိတော့ဘူး”ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။
MNDAAနှင့် မဟာမိတ်များက၂၀၂၄ ဩဂုတ်လ၃ ရက်နေ့တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသောလားရှိုးမြို့အား တရုတ်အစိုးရ၏ ဖိအားပေးမှုနှင့်အတူစစ်ကောင်စီထံသို့ ယခုရက်ပိုင်း ပြန်လည်လွှဲပြောင်းပေးရမည်ဖြစ်သည်။
လားရှိုးမြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီ ၁၇ ရက်မှစ၍ လားရှိူး- သီပေါပြည်ထောင်စုလမ်းရှိ နောင်မွန်လမ်းပိုင်းမှတဆင့် ဝင်လာသလို ဌာနဆိုင်ရာဝန်ထမ်းအချို့ကိုလည်း ရဟတ်ယဉ်ဖြင့်လည်း ပို့ဆောင်ခဲ့သည်။ ထိုရက်မတိုင်မီက MNDAA တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ကြသည်။ သို့သော်လားရှိုးမြို့တွင် MNDAA အရာရှိအချို့နှင့်တပ်ဖွဲ့ဝင်အချို့ တွေ့မြင်နေရသေးသည်ဟု ဒေသခံများကပြောသည်။
MNDAA ဆုတ်ခွာသွားပြီး စစ်ကောင်စီပြန်ဝင်လာသည့် လားရှိုးမြို့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် တိန့်ရွှီကျွင်း ရောက်နေပြီး မကြာမီ MNDAA၊တရုတ်နှင့် စစ်ကောင်စီ လားရှိုးမြို့၌သုံးပွင့်ဆိုင်ဆွေးနွေးမည်ဟု သတင်းရရှိသည်။
လားရှိုးမြို့အုပ်ချုပ်ရေးနှင့်ပတ်သတ်၍တရုတ်အစိုးရ၏ ချယ်လှယ်နေမှုကို မလွန်ဆန်နိုင်သည့် စစ်ကောင်စီရော MNDAA ၏ ရပ်တည်မှုသည် ရှက်ဖွယ်ကောင်းကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ကိုးကန့်ကလည်း ထွက်ခွာ။ စစ်ကောင်စီကလည်း သေချာမအုပ်ချုပ်နိုင်တဲ့လားရှိုးမှာ တရားဥပဒေစိုးမိုးမှုကတော့ ယုံကြည်စရာကောင်းမှာမဟုတ်တော့ဘူး”ဟု ၎င်းကပြောသည်။
