ဧပြီ – ၈၊ ၂၀၂၅ ၊နော်ဂျွန်ရိုစ့် /People’s Spring
ကရင်ပြည်နယ်၊ ဘားအံခရိုင်ထဲက ခလော်ကထိုက်( ရှမ်းရွာသစ်မြို့)ရှိ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ ရဲတပ်ဖွဲ့တွေ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစတင်ပြီး မြို့ကနေ ထွက်ခွာသွားကြတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။
ဘားအံခရိုင် ၊လှိုင်းဘွဲ့မြို့နယ် ၊ ရှမ်းရွာသစ်မြို့မှာ တာဝန်ကျနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ထွက်ခွာကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၇) သတိပေးလိုက်ပြီးနောက် အခုလို မြို့ကနေ ထွက်ခွာသွားကြတာလို့သတင်းရင်းမြစ်က ပြောပါတယ်။
ရဲတပ်ဖွဲ့၊ ထွေအုပ် ၊ လဝက ၊ပြန်ဆက် ၊ စည်ပင် ၊စိုက်ပျိုးရေး ၊ လယ်ဆည် စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ မြို့ကနေ ထွက်ခွာသွားကြပြီလို့သိရပါတယ်။

Public Service Announcement
ကျောင်းတွေလည်း ပိတ်ထားတဲ့အတွက် ပညာရေးဝန်ထမ်းတွေ လည်း ထွက်ခွာသွားကြတဲ့အထဲပါဝင်တယ်လို့ သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရသိရပါတယ်။
လက်ရှိမှာတော့ ရှမ်းရွာသစ်မြို့ ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ဗျုဟာကုန်းစခန်း တစ်ခု ကျန်ရှိပါတော့တယ်။
အဲဒီ ဗျုဟာကုန်းကိုတော့ မတ်လလယ်ပိုင်းက လေကြောင်းကနေ စစ်ကောင်စီက ရိက္ခာ ဖြည့်တင်းထားတယ်လို့သိရပါတယ်။
KNU တပ်မဟာ (၇) က ထိုင်း – မြန်မာနယ်စပ်တလျောက်ရှိ စစ်ကောင်စီတပ်စခန်းတွေ နဲ့ KNU ဌာနချုပ်အနီး ခြေကုပ်ယူထားတဲ့ စခန်းတွေကို တိုက်ယူနေတာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လအတွင်း ရှမ်းရွာသစ်မြို့က ခလယ့်ဒေးစခန်းကို သိမ််းယူထားပါတယ်။
KNU တပ်မဟာ (၇) နယ်မြေထဲမှာ KNU ဗဟိုဌာနချုပ်ရှိတာပါ။
ရှမ်းရွာသစ်ဗျုဟာကုန်း ကတော့ မဲ့တလေ-ရှမ်းရွာသစ်-လှိုင်းဘွဲ့ ကားလမ်းပေါ်မှာ တည်ရှိပြီး ထိုင်းနယ်စပ်အနီးရှိ KNU ဗဟိုဌာနချုပ်နဲ့ အနီးဆုံးရှိနေတဲ့ ဗျူဟာအဆင့်ရှိ စခန်းကြီးတစ်ခုဖြစ်ပါတယ်။
KNU ဌာနချုပ်ကို စစ်ရေးအရ နှောင့်ယှက်တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တဲ့နေရာမှာရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
အဲဒီ ဗျုဟာကုန်းကနေ KNU ဗဟိုဌာနချုပ်ဆီ ဒရုန်းနဲ့ကင်းထောက်တာ ၊ အသေခံဒရုန်းသုံးပြီး တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့လို့ ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့သိရပါတယ်။
