ဧပြီ ၈၊ ၂၀၂၅။ ကျော်ဇော/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ပြည်သူလူထုထံ အတင်းအဓမ္မဆက်ကြေးကောက်နေသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းခဲ့ရာ သေနတ်တစ်လက်ရရှိခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒီမိုက ပြောသည်။
ဧပြီ ၆ ရက် နံနက် ၁၀ နာရီခွဲက ပခုက္ကူမြို့အနောက်ဘက်ရှိ အင်အား ၂၀ ခန့်အထိုင်ချလေ့ရှိသော စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို Burma Revolution Rangers တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ရန် ပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။
ထို့ကြောင့် စစ်ဆေးရေးဂိတ် ဘန်ကာအနီး ချည်းကပ်ခဲ့ရာ ဂိတ်စောင့်စစ်ကောင်စီတပ်သားများကို မတွေ့ရ၍ ဘန်ကာအနီးဝန်းကျင်သို့ ရှာဖွေခဲ့ရာ MA-1 အမျိုးအစားသေနတ်တစ်လက်ရရှိခဲ့ခြင်းဟု ရဲဘော်ဒီမိုက ရှင်းပြသည်။

Public Service Announcement
“ဒီကောင်တွေ ဘန်ကာထဲမှာ သူတို့ကို မတွေ့လို့ တခြားကိုပတ်ရှာတာ ရှာတော့ ဘန်ကာထဲထောင်ထားတဲ့ ကျည်ဘောက်မပါတဲ့ MA-1 တွေ့လို့ အဲဒီသေနတ်ကိုယူလာပြီး ချက်ချင်းပြန်ဆုတ်လာခဲ့တာ”ဟု Burma Revolution Rangers တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
Burma Revolution Rangers တပ်ဖွဲ့အနေဖြင့် စစ်ရေးလှုပ်ရှားမှုများအတွက် လိုအပ်နေသော ဒရုန်းရရှိနိုင်ရန် အထက်ပါ စစ်ဆေးရေးဂိတ်အား ဝင်ရောက်တိုက်ခိုက်ရန် စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ဒရုန်းတစ်စင်းလိုချင်လို့ ကမ်ပိန်းလုပ်တာက ငွေသိပ်မရဘူး။ ဒီကာလ ငလျင်ဘေးတွေဘာတွေနဲ့ တိုက်ဆိုင်သွားတာလည်းပါတာပေါ့။ အဲဒီဂိတ်မှာက ဒရုန်းတွေရှိတယ်လို့ သိထားရတာနဲ့ ဒရုန်းလိုချင်လို့ သွားတိုက်ခဲ့တာဗျ”ဟု ရဲဘော်ဒီမိုက ရှင်းပြသည်။
အထက်ပါ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဂိတ်ချထားသည့်လမ်းပိုင်းအား ပိတ်ဆို့စစ်ဆေးခြင်း၊ အနီးဝန်းကျင်ရှိပြည်သူအချို့ကို ဖမ်းဆီးခြင်းနှင့် စစ်မေးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း Burma Revolution Rangers တပ်ဖွဲ့ထံမှ သိရသည်။
ဝင်ရောက်တိုက်ခိုက်ရန် စီစဥ်ခဲ့သည့် စစ်ဆေးရေးဂိတ်သည် စစ်ကောင်စီ တပ်မ(၁၀၁)၊ ခလရ – ၂၅၂၊ ခလရ -၂၅၉ စသော စစ်ကောင်စီတပ်များအနီးတည်ရှိသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည်။
