စစ်ကောင်စီကို တရားဝင်မှုမပေးဘဲ မြန်မာပြည်သူတွေကို ဆက်လက်ကူညီမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးပြော
ဧပြီ ၈၊ ၂၀၂၅။ အီယိုရီ/People’s Spring
ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် ဆေးဝါးပစ္စည်းများကို ဂျပန်နိုင်ငံက သူ့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့လေယာဥ်နဲ့ ပို့်ဆောင်ပေးမယ်လို့ ရန်ကုန်မြို့ ဂျပန်သံရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ C-130 သယ်ယူပို့်ဆောင်ရေးလေယာဥ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်သော ဆေးဝါးများနဲ့ ရောဂါရှာဖွေရေးစမ်းသပ်ကိရိယာများအပါအဝင် ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို သယ်ဆောင်လာမယ်လို့ သိရပါတယ်။

Public Service Announcement
အဲဒီလေယာဥ်ဟာ ဧပြီ ၉ရက်မှာ အင်အားပြင်းငလျင်ဗဟိုချက်အနီးရှိ မန္တလေးမြို့ကို ဆိုက်ရောက်မှာဖြစ်ပြီး ဂျပန်ဆေးအဖွဲ့ မပြန်ခင် ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို အရောက်ပို့ဆောင်ခဲ့တာလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
“C-130 လေယာဥ်က လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ၊ ကိရိယာတွေကို ပိုမိုမြန်မြန်ဆန်ဆန်၊ တိတိကျကျ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံက မြန်မာပြည်သူတွေကို စဥ်ဆက်မပြတ် ကူညီထောက်ပံ့မှု ပေးသွားမှာဖြစ်ပါတယ်” လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာကာတာနီက ပြောပါတယ်။
ဒါပေမဲ့ အခုလို ငလျင်ဘေးနဲ့ပတ်သက်လို့ လူသားချင်းစာနာမှုအကူအညီတွေကို ပံ့ပိုးကူညီတာဟာ မြန်မာပြည်သူတွေအတွက်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကို တရားဝင်မှုပေးတာ မဟုတ်ဘဲ ဂျပန်နိုင်ငံဟာ သူ့ရဲ့ရပ်တည်ချက်ကို မပြောင်းလဲဘူးလို့ ကာကယ်ရေးဝန်ကြီးက ရှင်းလင်းပါတယ်။
ဂျပန်နိုင်ငံဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ကန့်ကွက်ရှုတ်ချထားပြီး လက်ရှိမှာလည်း စစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချကာ အနိမ့်ဆုံး အဆင့်ကို ထားရှိပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ရက်က မြန်မာနိုင်ငံမှာ အင်အား ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဂျပန်နိုင်ငံက သဘာဝဘေး အန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ (JDR)ကို စေလွှတ်ခဲ့ပြီး မတ်လ ၃၁ရက်မှာ အဖွဲ့ဝင် ၅ဦးပါ အဖွဲ့၊ ဧပြီ ၂ရက်မှာ ဆရာဝန်နဲ့ သူနာပြုများပါဝင်တဲ့ အဖွဲ့ဝင် ၂၇ဦးပါအဖွဲ့ စုစုပေါင်း ၃၂ဦးကို စေလွှတ်ခဲ့ပါတယ်။
ဒါ့အပြင် မတ်လ ၃၀ရက်မှာ ဂျပန်အစိုးရ ပံ့ပိုးမှုရှိတဲ့ Disaster Emergency Logistics System for ASEAN (DELSA)က အရေးပေါ်သုံး မိုးကာစ ၂၄၀ နဲ့ ရွက်ဖျင်တဲ ၄၅၀ ပို့ဆောင်ခဲ့ကာ JICA ကနေလည်း ငလျင်ဒဏ်သင့်ပြည်သူများကို အခြေခံလိုအပ်တဲ့ နေ့စဉ်သုံးပစ္စည်းများဖြစ်တဲ့ သန့်ရှင်းရေးပစ္စည်းများ၊ ရေနဲ့ ရေသန့်စက်များ စတာတွေကို ထောက်ပံ့ပေးအပ်ဖို့ ဆုံးဖြတ်ပြီးဖြစ်ကြောင်း ကြေညာပါတယ်။
ဧပြီ ၂ရက်မှာ အမေရိကန်ဒေါ်လာ ၆ သန်းခန့်ရှိတဲ့ အရေးပေါ်ထောက်ပံ့ငွေကို နိုင်ငံတကာ အဖွဲ့အစည်းများမှဆင့် ထောက်ပံ့ပေးအပ်သွားဖို့ ပြင်ဆင်ထားတယ်လို့ ဂျပန်အစိုးရက ကြေညာခဲ့ပါတယ်။
