■ငါးလကြာထိုးစစ်ဆင်ပြီး ချင်းပြည်နယ်မြောက်ပိုင်းရှိ တပ်ရင်းအဆင့် စစ်ကောင်စီစခန်းကို ပထမဆုံးသိမ်းနိုင်ခြင်းဖြစ်
ဧပြီ၈၊၂၀၂၅။ဟန်နွေ၊ဇော်ရမ်း/People’s Spring
ချင်းပြည်နယ် ဖလမ်းမြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ အမှတ် ၂၆၈ ခြေလျင်တပ်ရင်း(ခလရ-၂၆၈)တပ်ရင်းကိုချင်းညီနောင်မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချိုကဧပြီ ၇ရက်တွင်ပြောသည်။
ချင်းညီနောင်စစ်ဆင်ရေး ဖလမ်းမြို့သိမ်းတိုက်ပွဲနှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ နိုဝင်ဘာ ဒုတိယပတ်တွင် တပြိုင်တည်းဆင်နွှဲခဲ့ရာ ၂၀၂၄ ဒီဇင်ဘာ၂၁ရက်တွင်မင်းတပ်ကိုအပြီးသတ်သိမ်းနိုင်ခဲ့ပြီး ဖလမ်း၌လည်း ခလရ(၂၆၈)တပ်ကုန်းမှ အပ ကျန်နေရာများကို သိမ်းပိုက်နိုင်ခဲ့သည်။

Public Service Announcement
ကျန်နေသည့်ဖလမ်းတပ်ကုန်းမကျရေးစစ်ကောင်စီက လေကြောင်း ပစ်ကူ အပြင်းအထန် ပြုလုပ်နေသည့် ကြားမှ ဧပြီ ၇ ရက်မနက်တွင်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
“ဖလမ်းရပါပြီ။အပစ်ရပ်ကာလထဲမှာအမှန်တကယ်အပစ်မရပ်ဘဲ စစ်ရေးဖော်ဆောင်လာလို့ ပူးပေါင်းတပ်တွေက လက်စသတ် ပေးလိုက်ပြီ” ဟု စစ်ရေးသတင်းမြစ်တစ်ဦးကပြောသည်။
စစ်ကောင်စီကလေကြောင်းမှအပြင်းအထန်ဗုံးကြဲခုခံတိုက်ခိုက်ခဲ့သည့်ကြားမှတော်လှန်ရေးတပ်များကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။မြေပြင်စစ်ကောင်စီစစ်ကြောင်းများသည် ဆုတ်ခွာထွက်ပြေးသွားသည်ဟုသိရသည်။
“ဖလမ်းမြို့တမြိုလုံးကတော့ သိမ်းပြီးပြီလို့ထိန်းချုပ်နိုင်ပြီလို့ ချင်းညီနောင်ဘက်က ပြောတယ်။ အဲဒါ ဒေသခံ တယောက်အနေနဲ့ အတည်ပြုလို့ရတယ်။ဒါပေမဲ့ စကစ တချို့တွေက ထွက်ပြေးတယ် ဆုတ်ခွာသွားတယ်တဲ့” ဟု ဒေသခံတဦးက လည်းပြောသည်။
လက်ရှိတွင်ဖလမ်းသို့ ပြည်သူများဝင်ခွင့်မပြုသေး၍ အတိအကျ မသိသေးဘဲ တရားဝင် ထုတ်ပြန်မှုကိုချင်းညီနောင်ဘက်ကပြုလုပ်မည်ဟုသိရကြောင်၎င်းကဆက်ပြောသည်။
ခလရ(၂၆၈)အပါအဝင် ဖလမ်းမြို့အပြီးသတ်သိမ်းပိုက်ရရှိမှုနှင့်ပတ်သက်၍ ချင်းညီနောင် အဖွဲ့ဝင် တပ်မှူးအချို့ ဖလမ်းစစ်ဆင်ရေး ပြောဆိုဆိုခွင့်ရှိသူ နှင့် ချင်းညီနောင် စစ်ရေးကော်မတီ ဥက္ကဋ္ဌ တို့အား ဧပြီ ၇ ရက် ကတည်းက မေးမြန်းထားရာ ချင်းညီနောင်က ထုတ်ပြန်ပေးသွားရန်ရှိသည်ဟု သာပြောသည်။
လုံခြုံရေးအရ ရှင်းလင်းရေးများ လုပ်ဆောင်ရန် လိုအပ်နေကြောင်း ချင်းညီနောင်တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စစ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေကလည်း ဖလမ်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီထံ မေးမြန်းရန် ပြောပြသည်။ ဆလိုင်းတီမီကလည်း ဖလမ်း စစ်ရေးအခြေအနေ ဖော်ပြ၍ မရသေးဘဲ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဧပြီနေ့လည်ပိုင်းက ပြောသည်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို၂၀၂၄ခုနှစ် နိုဝင်ဘာလ ၉ ရက်မှစတင်၍ ချင်းညီနောင်နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်၌ ထိခိုက်ကျဆုံးမှုများလည်းရှိခဲ့သည်။
” ကျဆုံးသွားတဲ့သူရဲကောင်းလေးတွေ ဖလမ်းမြို့ကို ကောင်းကင်ပေါ်ကနေကြည့်ပြီး ကျေနပ်နေကြပါစေ” ဟု ဖလမ်းမြို့ခံတစ်ဦးက လူမှုကွန်ရက်တွင်ရေးတင်ထားသည်။
ဖလမ်းမြို့သည် ချင်းမြောက်၌ စစ်ကောင်စီတပ်ရင်းစခန်းကို ပထမဆုံးတိုက်ခိုက်သည့် တိုက်ပွဲဖြစ်၍ စိန်ခေါ်မှုများစွာရှိခဲ့သည်ဟုဖလမ်းတိုက်ပွဲ၌ ပါဝင်ဆင်နွှဲနေသည့် ချင်းညီနောင်အဖွဲ့ဝင်CNO/CNDFအထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံက မတ်လ ၂၂ ရက်တွင်ပြောခဲ့သည်။
”ချင်းပြည်နယ်ရဲ့မြောက်ပိုင်းမှာ တပ်ရင်းအဆင့်ရှိတဲ့စခန်း ပထမဆုံး သိမ်းနိုင်ဖို့ ကြိုးစားဆောင်ရွက်တဲ့နေရာမှာ အားလုံးပါဝင်ပေးကြပါ။ ဒီဟာအောင်မြင်သွားရင် တီးတိန်မြို့သိမ်းပွဲလည်းလွယ်ကူသွားမယ်။ ဟားခါး ထန်တလန်လည်း လွယ်ကူသွားမှာ ဖြစ်တယ်ဆိုတော့ အဲဒါကိုစကစ လည်းသိတဲ့အတွက်ကြောင့် တောက်လျှောက်ကို ဖိအားပေးပြီးမှ လေကြောင်းနဲ့ ထိုးနေတာလည်းဖြစ်တယ်။နိုင်ဖို့လည်း နီးကပ်နေပါပြီ”ဟု ဆလိုင်းဝီလီယံချင်းက မတ်လ နောက်ဆုံးပတ်တွင် ပြုလုပ်ခဲ့သည့် ချင်းညီနောင်၏ ရန်ပုံငွေ ရှာဖွေရေးအခမ်းအနားတွင်ပြောခဲ့သည်။
ချင်းညီနောင်က ဖလမ်းမြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်၍ ချင်းညီနောင် ထိန်းချုပ်နိုင်သည့် မြို့ပေါင်း ၅မြိုရှိလာပြီဖြစ်သည်။ ဖလမ်းမြို့ မတိုင်ခင်က မင်းတပ်၊ ကန်ပက်လက်၊ မတူပီ နှင့် ကျင်ဒွေးမြို့များကို ချင်းညီနောင်မဟာမိတ်များက သိမ်းပိုက်ထားခြင်းဖြစ်သည်။ချင်းညီနောင်သည် ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ်ပြုလုပ်ထားပြီး စစ်ဆင်ရေးများအတွင်း ယောဒေသနှင့် အညာမှ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်များလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်ကို တွေ့ရသည်။
ငါးလခန့် ကြာမြင့်ခဲ့သည့်ဖလမ်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကို စစ်သုံ့ပမ်းအဖြစ် ဖမ်းမိထားသကဲ့သို့ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို ချင်းညီနောင်မဟာမိတ်များက သိမ်းပိုက်ရရှိထားသည်။
