ဧပြီ ၇၊ ၂၀၂၅။ဟန်နွေ/People’s Spring
ချင်းပြည်နယ်၊ ထန်တလန်မြို့အပါအဝင် ချင်းပြည်တဝန်းလုံး၌ စစ်ကောင်စီတပ်ကင်းစင်ရေး မိတ်ဖက်တော်လှန်ရေးအဖွဲ့များနှင့် ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ချင်းတမျိုးသားလုံး စုစည်းညီညွတ်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ချင်းဒေသကာကွယ်ရေးတပ်-ထန်တလန်(CDF-Thantlang) က ဧပြီ ၆ ရက်တွင် ထုတ်ပြန်သည်။
CDF ထန်တလန်ဖွဲ့စည်းမှု လေးနှစ်ပြည့် ကြေညာချက်ကိုဧပြီ ၆ရက်က ထုတ်ပြန်ခဲ့ရာ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ CDF ထန်တလန်ကို ၂၀၂၁ ဧပြီ ၆ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေး လေးနှစ်တာအတွင်း CDF ထန်တလန်မှ ရဲဘော် စုစုပေါင်း (၆၇) ဦး ကျဆုံးကာ စစ်ကောင်စီ လက်ချက်ကြောင့် ထန်တလန်မြိုနယ်ရှိ အပြစ်မဲ့ပြည်သူ (၁၇) ဦး အသက်ဆုံးရှုးခဲ့ရဟု အသိပေးသည်။

Public Service Announcement
ချင်းပြည် (Chinland)နှင့် ချင်းလူမျိုး လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာ ကျဆုံးသွားသူများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုးခဲ့ရသော ရဲဘော်အားလုံးကို အလေးအနက် ဦးညွတ်အလေးပြုဟုတ်လည်း CDF ထန်တလန်က ဖော်ပြသည်။
လက်ရှိ ထန်တလန်မြို့စစ်ရေးအခြေအနေမှာ ငြိမ်နေကြောင်းလည်း ဆလိုင်းထက်နီက ပြောသည်။
“ထန်တလန်မှာ ကျနော်တို့ အများစု ထိန်းချုပ်ထားပါတယ်။ ဟားခါးကနေ စစ်ကူမလာနိုင်အောင် တပ်ကို ဖြန့်ထားတဲ့ အနေအထားပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။
CDF ထန်တလန်သည် ချင်းအမျိုးသားတပ်မတော်(CNF/CNA)၊ ချင်းဒေသကာကွယ်ရေးတပ် CDFများ စုပေါင်းဖွဲ့စည်းထားသည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစု အဖွဲ့ဝင်ဖြစ်သည်။ ချင်းပြည်ကောင်စီတပ်ပေါင်းစုသည် ထန်တလန်မြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက ဖော်ဆောင်လျက်ရှိရာ မြို့နယ် ဧရိယာ အများစုကို ချင်းပူးပေါင်းတပ်က ထိန်းချုပ်ထားသည်။
ချင်းပြည်တွင် ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီဟူ၍ စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစု ၂ခု ရှိရာ ချင်းပြည်ကောင်စီက မြို့ ၇မြို့နှင့် တပ်စခန်းများ သိမ်းပိုက်ထားသကဲ့သို့ ချင်းညီနောင်ကလည်း မတူပီ၊ မင်းတပ်၊ ကန်ပက်လက်နှင့် ကျင်ဒွေးမြို့များကို သိမ်းပိုက်ထားသည်။ အဆိုပါကောင်စီ ၂ရပ်ကို ကောင်စီတခုတည်းအဖြစ် ပေါင်းစည်းနိုင်ရေး နှစ်ဖက်ဆွေးနွေးလျက်ရှိသည်။
CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း ယခု ၂၀၂၅တွင် စစ်ရေးတိုးမြှင့်ဆောင်ရွက်ကာ စစ်ကောင်စီ ကင်းဆင်ရေး ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။ လက်ရှိ စစ်ရေး အခြေအနေနှင့်ပတ်သက်ပြီး ဆလိုင်းထက်နီထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
CDF ထန်တလန်၏ တော်လှန်ရေးခရီး လေးနှစ်တာအတွင်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးကြသော ပြည်တွင်း/ပြည်ပရှိ ပြည်သူတရပ်လုံးကို အထူးကျေးဇူး တင်ကြောင်း ထုတ်ပြန်သည်။ လက်ရှိအချိန်တွင် CDF ထန်တလန်သည် တော်လှန်ရေး ပိုမိုအားကောင်းထိရောက်ရေး အတွက် တပ်အင်အား စနစ်တကျစုဖွဲမှုနှင့် စံပြုထိုက်သော အုပ်ချုပ်ရေးဖော်ဆောင်မှု လုပ်ငန်းများ ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိဟု အသိပေးသည်။
အရေးကြီးသည့် အချိန်ကာလဖြစ်၍ ပြည်တွင်း၊ပြည်ပရှိ ပြည်သူတရပ်လုံး အနေဖြင့် ဉာဏ်ပညာအားဖြင့်လည်းကောင်း၊ အလှူငွေအားဖြင့် လည်းကောင်း၊ ဆုတောင်းခြင်းအားဖြင့်လည်းကောင်း အဘက်ဘက်မှ ဝိုင်းဝန်းပါဝင်ကြရန်လည်း CDF ထန်တလန်က တိုက်တွန်းထားသည်။
