ဧပြီ ၇၊ ၂၀၂၅။ဟန်နွေ/People’s Spring
ကရင်ပြည်နယ် ဖာပွန်ခရိုင်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ဦး သေဆုံး ပြီး ကလေးငယ် တစ်ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(ဧပြီ ၇ရက်) သတင်းထုတ်ပြန်သည်။
KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် နဲကကျေးရွာကို စစ်ကောင်စီက ဧပြီ ၂ရက် ညနေပိုင်း၌ လေယာဉ်ဖြင့် လာရောက်၍ ဗုံးသီး ၃လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။
ထိုသို့ တိုက်ခိုက်ခဲ့၍ သုံးလအရွယ် ကလေးငယ်နှင့် အသက် ၁၂နှစ်အရွယ် ကလေးငယ်တို့ သေဆုံးခဲ့ပြီး ၁၀နှစ်အရွယ် သုံးတန်းကျောင်းသူ အပါအဝင် ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement
ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃လုံး ပျက်စီးခဲ့ဟုလည်း ဖော်ပြသည်။
စစ်ကောင်စီသည် ငလျင်ဘေးကြောင့် ဒုက္ခကြုံနေရချိန် ပြည်သူများ ရှိရာသို့ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေ၍ ဒေသခံပြည်သူများ စိုးရိမ်ကြောင့်ကြစွာ နေထိုင်နေကြရဟု KNUက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ဧပြီ ၃ရက်ကလည်း KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ဟောခို့ဂေါ်(ငထွေစုပ်)ရွာသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီသည် ဧပြီ ၂ရက်မှ ၂၂ရက်နေ့အထိ ရက် ၂၀ကြာ ယာယီအပစ်ရပ်စဲမည်ဟု ကြေညာထားသော်လည်း KNUနယ်မြေများ အပါအဝင် နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။
စစ်ကောင်စီ၏ အပစ်ရပ်ကြေညာမှုသည် ဟန်ပြထုတ်ပြန်ချက်ဖြစ်ပြီး အရပ်သားများကို ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်တိုက်ခိုက်မှု အစဉ်လုပ်ဆောင်နေကြောင်း ၊ စစ်ကောင်စီ၏ ယာယီအပစ်ရပ်ကြေညာမှုသည် နိုင်ငံတကာ အသိအမှတ်ပြုမှုအား လက်ခံရန် ကြိုးစားချဉ်းကပ်ခြင်း၊ ၎င်းတို့ အာဏာတည်မြဲရေးအတွက်သာ ရှေးရှုခြင်းဖြစ်ပြီး လူသားဆန်မှုမရှိ၊ နိုင်ငံရေးစိတ်ဆန္ဒမရှိ ၊ အပြောနှင့် အလုပ် လက်တွေ့မညီဟု KNUက ထုတ်ပြန်ထားသည်။
