ဧပြီ ၇၊၂၀၂၅။ရဲခေါင်/People’s Spring
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၌ ပြိုကျခဲ့သည့် Sky Villa ကွန်ဒိုအဆောက်အဦးအတွင်းမှ ကလေးနှစ်ဦးအပါအဝင် ရုပ်အလောင်း ၁၀လောင်း ထပ်မံတွေ့ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ယနေ့(ဧပြီ ၇ရက်) နေ့လည်ပိုင်းတွင် ထုတ်ပြန်သည်။
Sky Villa ကွန်ဒိုအဆောက်အဦး ပြိုကျပျက်စီး၍ ပိတ်မိနေသူများအား တရုတ်နိုင်ငံမှ Blue Sky Rescue ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ရှာဖွေနေကြောင်း အသိပေးသည်။
ယနေ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကလေး နှစ်ဦးအပြင် အမျိုး သမီးရုပ်အလောင်း ရှစ်လောင်းတွေ့ရှိသည်ဟု ဆိုသည်။

Public Service Announcement
“Sky Villa မှာက စုစုပေါင်း ရုပ်အလောင်း ၁၀၀ဝန်းကျင်တွေ့ထားတယ်။စာရင်းအရဆို ကျန်နေသေးတဲ့သူတွေလည်း ရာဂဏန်းလောက်ရှိသေးတယ်”ဟု Sky Villa ကွန်ဒိုအဆောက်အဦးတွင် ရှာဖွေကယ်ဆယ်နေသူတစ်ဦးက လူထုနွေဦးသို့ ရှင်းပြသည်။
မတ်လ ၂၈ ရက်ကအင်အားပြင်းသည့် ငလျင်မလှုပ်ခတ်မီ စစ်ကောင်စီ၏ မန္တလေးတိုင်းအစိုးရအဖွဲ့ စာရင်းအချက် အလက်အရ Sky Villa ကွန်ဒိုတွင် နေထိုင်သူဦးရေသည် ၃၅၀ဝန်းကျင်ရှိသည်ဟု သိရသည်။
“မီးသတ်ဦးစီးနဲ့ ပြည်ပကအဖွဲ့တွေက ရှာဖွေရေးဘက်ကို ချုပ်ကိုင်ပြီး ကူညီရေးအသင်းတွေကို ပြန်လည်နေရာချထားရေးဘက်ကို ဦးတည်ထားတာရှိတယ်”ဟု မန္တလေးမြို့ခံလူမှုကူညီရေးအသင်းတစ်ခု၏တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
အောင်မြေသာဇံမြို့နယ်၊လမ်း ၆၀၊ ၂၃×၂၄ လမ်းကြားရှိ တစ်ဧက အကျယ်ပေါ်တွင်တည်ဆောက်ထားသော Sky Villa ကွန်ဒိုတွင် ၁၁ထပ်ရှိအဆောက်အအုံ သုံးလုံးတွဲပါရှိကာ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံနှစ်လုံးမှာ အလုံးစုံပြိုကျပြီး ကျန်တစ်လုံးသည် ၄ထပ်ခန့် မြေကြီးထဲနစ်ဝင်သွားခဲ့ခြင်း ဖြစ်သည်။
Sky Villa ကွန်ဒိုအိမ်ရာစီမံကိန်းကို စစ်တပ်နှင့်ဆက်နွယ်နေသော အောင်မြင်သူကုမ္ပဏီက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်သည်ဟုပြောဆို ကြေညာရောင်းချခဲ့၍ ဝေဖန်မှုများရှိသည်။
