စိုင်းနန်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယာယီအပစ်ရပ်ကြေညာချက်ကြောင့် ထိုးစစ်ရပ်ထားသည့် အင်းတော်မြို့တွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထွက်လာပြီး လေကြောင်းမှပါပစ်ခတ်လာ၍ တိုက်ပွဲပြင်းထန်နေသည်။
“ပိတ်ထားတဲ့နေရာကလှုပ်လာတယ်။ ကသာဘက်ကလည်း တက်လာ ဖို့ လုပ်နေတာရှိတယ်။ တိုက်ပွဲကတော်တော်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးအရမ်းကြဲနေပါတယ်”ဟု ဧပြီ ၇ရက် မနက် အခြေအနေကို စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
စစ်ကောင်စီသည် ဧပြီလ ၂ရက်မှစ၍ ဧပြီလ ၂၂ရက်အထိ အပစ်ရပ်ကြောင်း ကြေညာခဲ့သော်လည်း မြေပြင်စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ NUG က လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများအတွက် ငလျင်ဒဏ်သင့်ဒေသများနှင့် ဆက်စပ်သောခရိုင်များအတွင်း ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံး မတ် ၃၀ ရက် မှ ဧပြီ ၁၂ ရက်ထိရပ်ဆိုင်းထားမည်ဟု မတ်လ ၂၉ ရက်တွင်ထုတ်ပြန်ခဲ့သည်။သို့သော် စစ်ကောင်စီက ဆက်လက်တိုက်ခိုက်နေ၍ ဒေသအများစုတွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။

Public Service Announcement
အင်းတော်တိုက်ပွဲသည် စစ်ကောင်စီက အပစ်ရပ်ကြေညာချက်ကိုဟန်ပြထုတ်ပြီးတိုက်ပွဲဖော်
ဆောင်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
PDF၊ ABSDF၊ KIA၊ ပကဖ နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စ၍ အင်းတော်မြို့သိမ်းတိုက်ပွဲတိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီစခန်းအများအပြားကို သိမ်းယူထားပြီးစစ်ကောင်စီကဂျပန်လှိုင်ဂူကုန်းနှင့်ဘုရားကုန်း၌ တပ်စွဲခုခံခဲ့သည်။
မတ်လ ၃၀ရက်နေ့မှစ၍ ပူးပေါင်းတပ်များကအပစ်ရပ်ခဲ့သော်လည်း စစ်ကောင်စီက တိုက်ခိုက်လာ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်သည်။ ဧပြီ ၇ ရက်နံနက်ပိုင်း၌တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီကဂျက်ဖိုက်တာဖြင့်လေကြောင်းမှနှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
