close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက စစ်သားသစ်သောင်းချီစုပြီး ခုခံရန်ပြင်ဆင်နေမှု တော်လှန်ရေးတပ်ဖွဲ့များ ဟန်ချက်ညီတန်ပြန်ရန်လိုဟု CDM တပ်သား အကြံပြု

စစ်ကောင်စီက တစ်နှစ်အတွင်း စစ်မှုထမ်းတပ်သားသစ်သောင်းချီ စုဆောင်းဖြည့်တင်းကာ စစ်မြေပြင်များ၌ လူသားဒိုင်းအဖြစ် အသုံးချသည့် ဗျူဟာကိုကျင့်သုံးနေကြောင်း CDM တပ်သား ကိုနောင်ရိုးက ဖွင့်ဟသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် အဓမ္မခေါ်ဆောင်စုဆောင်းထားသော စစ်မှုထမ်းတပ်သားသစ်များ။ ဓာတ်ပုံ - စကစ

ဧပြီ၇၊ ၂၀၂၅။ဟန်နွေ/People’s Spring

စစ်ကောင်စီက တစ်နှစ်အတွင်း စစ်မှုထမ်းတပ်သားသစ်သောင်းချီ စုဆောင်းဖြည့်တင်းကာ စစ်မြေပြင်များ၌ လူသားဒိုင်းအဖြစ် အသုံးချသည့် ဗျူဟာကိုကျင့်သုံးနေကြောင်း CDM တပ်သား ကိုနောင်ရိုးက ဖွင့်ဟသည်။

မတ်လကုန်ပိုင်းကကျင်းပခဲ့သော စစ်တောင်းကမ်ပိန်းစကားဝိုင်းတွင် ကိုနောင်ရိုးက ထိုသို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေပြဌာန်းပြီး နည်းမျိုးစုံဖြင့်စစ်သားသစ်စုဆောင်းနေခဲ့ရာ အပတ်စဉ် ၁၁အထိ ရောက်ရှိလာပြီဖြစ်ပြီး အပတ်စဉ် ၉အထိ စစ်သင်တန်းဆင်းပြီးဖြစ်ဟုဆိုသည်။ အပတ်စဉ် ၉အထိ သင်တန်းဆင်းထားသည့် အင်အား ၄သောင်းကျော်ရှိပြီး ၎င်းတို့အား ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ကာ အသုံးပြုလျက်ရှိဟု ကိုနောင်ရိုးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဥပဒေအရေခြုံပြီး လူငယ်များပစ်မှတ်ထား ဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီက ပစ်မှတ်ထားလို့ရသည့် အုပ်စုများကို ၎င်းတို့ လိုလားချက်အတိုင်း မရမက လုပ်ဆောင်ကာ လူအင်အားစုဆောင်းခဲ့ရာ လက်ရှိတွင်အင်အားတိုးလာပြီး တပ်ရင်း၊စစ်ကြောင်းများ၌ ယခင်ထက် လူအင်အား တိုးမြှင့် ပေးပို့လာသည်ကိုတွေ့ရကြောင်း ပြောသည်။

“တော်လှန်ရေးအင်အားစုတွေက ဝိုင်းပတ်ပိတ်ဆို့ပြီးတိုက်တဲ့အခါ မှာ ဒီစစ်မှုထမ်းလူငယ်တွေကိုပဲ ရှေ့ဆုံးကနေ လူသားဒိုင်းအဖြစ် ခံပစ်ခိုင်းပြီးတိုက်တယ်။ တိုက်တဲ့အခါမှာ သေဆုံးမှု အများဆုံးက စစ်မှုထမ်းအင်အားစာရင်းတွေ ဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်။ စစ်ကောင်စီက ဒါမျိုးတွေ ကျင့်သုံးလာတယ်”ဟု ကိုနောင်ရိုးက ပြောသည်။

စစ်ကောင်စီက အင်အားယုတ်လျော့နေမှုကို ဖြည့်တင်းနိုင်ရန် မဲနှိုက်လူခေါ်ခြင်း၊ပေါ်တာဆွဲခြင်း ၊ ဖမ်းဆီးစစ်ဆေးပြီး စုဆောင်းခြင်း နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ကာ သင်တန်းများ လေ့ကျင့်ပြီးပါက တပ်စခန်းအသီးသီးသို့ ပို့ဆောင်ခဲ့ဟု ဆိုသည်။

“ပြီးရင် ဒီတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေဆီက အဓမ္မ ဖမ်းဆီးခေါ်ဆောင်လာတဲ့ လူငယ်တွေနဲ့ ပြည်သူကို ပြည်သူနဲ့ ပြန်ပြီး ရှေ့တန်းစစ်မြေပြင်မှာ ပေးတွေ့တယ်ဆိုတဲ့ ပုံစံမျိုးတွေ့ရတယ်”ဟု ကိုနောင်ရိုးက ပြောသည်။

စစ်ကောင်စီ၏ ဗျူဟာမှာ စစ်မှုထမ်းတပ်သားသစ်များကို လူသားဒိုင်းအဖြစ် ရှေ့ဆုံးက အသေခံခိုင်းခြင်းအပြင် တော်လှန်ရေးအင်အားစုများ ကျည် ၊ ဘဏ္ဍာရေး ပြုန်းတီးအောင် စစ်မှုထမ်း အင်အားများအသုံးပြုပြီး လုပ်ဆောင်နေကြောင်း ပြောပြသည်။ မကြာသေးမီက ကသာ-အင်းတော်ကြား ဖမ်းမိသည့် စစ်သုံ့ပန်းး ၃၀ကျော်အနက် သုံးပုံနှစ်ပုံသည် စစ်မှုထမ်း တပ်သားသစ်များ ဖြစ်သည်ဟု ဆိုသည်။

တဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုများက စစ်မှုထမ်း ပြည်သူ့စစ်များ အား တော်လှန်ရေးဘက် ပူးပေါင်းရန် ဖိတ်ခေါ်ထားသော်လည်း အများစုက မည်သို့ ချိတ်ဆက်ပူးပေါင်းရမည်ဆိုသည်ကို မသိကြကြောင်း၊ လက်နက်များပါလာပါက ဆုငွေပေးသည်ကိုလည်း မသိကြကြောင်း ကိုနောင်ရိုးက ပြောသည်။

စစ်ကောင်စီကို အင်အားချိနဲ့အောင် တော်လှန်ရေးတပ်များက လုပ်ဆောင်လာနိုင်ခဲ့သော်လည်း စစ်ကောင်စီက အားနည်းချက်များကို ချက်ချင်းမရရသည့် နည်းဖြင့် စစ်သားသစ်များ စုဆောင်းပြီး အင်အားဖြည့်တင်းခဲ့ဟု ဆိုသည်။

“လူထုကိုလူထုနဲ့ပြန်တိုက်မယ် လူသားဒိုင်းအနေနဲ့ ကျင့်သုံးမယ်။ တော်လှန်ရေးအင်အားစုတွေ ကျည်ခဲယမ်းလက်နက် ပြုန်းတီးအောင် သူရဲ့ စစ်ရေးဖိအားကို အင်အားထုနဲ့ ဆွဲဆန့်ပြီးတော့ ခုခံနိုင်ဖို့ ပြင်ဆင်လာမယ့် နည်းလမ်းတွေကို တွေ့ရတယ်။”ဟု ကိုနောင်ရိုးက ပြောသည်။

ထိုသို့ စစ်ကောင်စီ၏ လုပ်ဆောင်ချက်အပေါ် တော်လှန်ရေးအင်အားစုများဘက်က မည်သို့ တုန့်ပြန် လုပ်ဆောင်မည်ဆိုသည့် အခင်းအကျင်း အားနည်းနေကြောင်းလည်း ကိုနောင်ရိုးက ပြောသည်။

ပြည်သူလူထုနှင့်လူငယ်ထုကြား စစ်မှုထမ်း ဥပဒေအန္တရာယ် သိသင့်သည့် သတင်းအချက်အလက်များ ရရှိအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်လိုအပ်သည်ဟု ၎င်းက အကြံပြုသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီ လုပ်ဆောင်နေမှု မြေပြင်၌ ကြုံနေရမှုများကို သုံးသပ်ပြီးဟန်ချက်ညီ လုပ်ဆောင်နိုင်ရန် လိုကြောင်း၊ ယင်းသို့ တုန့်ပြန်နိုင်မှသာ စစ်ကောင်စီ၏ လုပ်ဆောင်မှုအပေါ် စနစ်တကျ တန်ပြန်နိုင်မည်ဖြစ်ကြောင်း ကိုနောင်ရိုးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တော်လှန်ရေးအင်အားစုများက စစ်မှုထမ်းတပ်သားသစ်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ဘက်သို့ ရသည့်နည်းဖြင့် ကူးပြောင်းရပ်တည်ကြရန် နှိုးဆော်ထားပြီး အဖွဲ့လိုက်ဖြစ်စေ တဦးချင်းဖြစ်စေ အလင်းဝင်သူများလည်းရှိသည်။ ထို့ပြင် တိုက်ပွဲ၌ လက်နက်ချ အညံ့ခံသူများ၊ တိုက်ပွဲ၌ သေဆုံးထိခိုက်ခဲ့သည့် စစ်မှုထမ်းတပ်သားသစ်များစွာလည်းရှိသည်။

စစ်ကောင်စီကို စွန့်ခွာပြီး အလင်းဝင်လာသူများ CDM ပြုလုပ်လာသူများထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFတွင် ပါဝင်ပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေသည့် ရဲဘော်များလည်း ရှိကြောင်း PDF ဒေါနစစ်ကြောင်းက အသိပေးထားသည်။

“CDM အလင်းဝင်ရောက်လာသူများကို နွေးထွေးစွာ ကြိုဆိုလက်ခံပြီး ကျန်ရှိနေသော စစ်ကောင်စီတပ်သားများ အနေဖြင့် အလကား အသေမခံဘဲ အချိန်ရှိတုန်း ပြည်သူနဲ့ ပူးပေါင်းပါ”ဟု ဒေါန တပ်ရင်းမှူး ရဲဘော်ရန်နိုင်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမရှိဘဲ ဆေးခန်းပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၁၁ဦးအနက် ကလေးငယ် ၅ဦးပါဝင်

သတင်း

NUG ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် CDM အောင်မြင်ရေး ကော်မတီက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆောင်းပါး

မတ်လ ၄ ရက် ညနေ ၄ နာရီဝန်းကျင်က တိတ်ဆိတ်ခြောက်ကပ်နေသော မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် နေပြည်တော်-မုံရွာ ခရီးသည်တင်ယာဥ် မှန်လုံယာဥ်တစီးသည် မုံရွာဘက်သို့ ဦးတည်ကာ မောင်းနှင်လာခဲ့သည်။

ဆောင်းပါး

အသက်၂၇အရွယ်ကိုတင်ရီ(အမည်လွဲ)တယောက်ကြောက်ရွံ့တုန်ရီ​နေပါတယ်။ ကြောက်ရွံ့မှုကို ဖုံးကွယ်ရန် ဖက်ကြမ်း ဆေးပေါ့လိပ်တိုကို တွင်တွင်ဖွာနေပါတယ်။ ဆေးလိပ်မီးခိုးများကို ခပ်​ဝေး​ဝေး​ရောက်​အောင်အကြိမ်ကြိမ်မှုတ်ထုတ်ရင်း သူရဲ့ ကြောက်လန့်စိတ် သက်သာအောင် ကြိုးစား​နေပါတယ်။

Trending

Facebook