■ဧပြီ ၃ ရက်နောက်ပိုင်းအသက်ရှင်လျက်ကယ်ထုတ်နိုင်သူမရှိသေး
ဧပြီ၆ရက်၊၂၀၂၅။ ကျော်ဇော/People’s Spring
ငလျင်ဒဏ်သင့်ဒေသများတွင် ပြိုကျအဆောက်အဦများကြား နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိရာ ဧပြီ ၃ ရက်မှ ၅ ရက်(ယနေ့)အထိ အသက်သေဆုံးပြီးသူ ၄၇ ဦး၏ ရုပ်အလောင်းများကို ထပ်မံရှာဖွေတွေ့ရှိခဲ့သော်လည်း အသက်ရှင်နေသူကိုထပ်မံမတွေ့ရှိရတော့ကြောင်း မီးသတ်ဦးဌာန မှတ်တမ်းများနှင့် ကယ်ဆယ်ရေးအဖွဲ့များထံမှသိရသည်။
ရှာဖွေတွေ့ရှိမှုအခြေအနေများမှာဧပြီ ၅ ရက်တွင် နေပြည်တော်နှင့် မန္တလေးမြို့များ၌ သေဆုံးပြီးသူ ၁၂ ဦး၊ ဧပြီ ၄ ရက်တွင် ၁၆ ဦး နှင့် ဧပြီ ၃ ရက်တွင် ၁၉ ဦးဖြင့် စုစု ပေါင်း သေဆုံးပြည်သူ ၄၇ ဦး၏ ရုပ်အ လောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
သို့သော်မြေငလျင်ကြီးကြောင့်လူသေဆုံးထိခိုက်သော်လည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များရောက်မလာ၍ ကိုယ့်အစီအစဥ်ဖြင့် ကိုယ်ရုပ်အလောင်းထုတ်၍ နာရေးပြုလုပ်လိုက်ရသော ပြည်သူများရှိသော်လည်း ယခုစာရင်းတွင်မပါဝင်ပေ။
ယနေ့ရှာဖွေမှုများအနက် နေပြည်တော်၊ ဥတ္တ ရသီရိမြို့နယ်၊ ပင်လုံဆေးရုံပြိုကျမှုမှ အ မျိုးသမီး ၂ ဦး၊ မန္တလေးမြို့၊ ၂၆ လမ်း ၈၁ လမ်းထောင့် RCC နှစ်ထပ်တိုက်ပြိုကျမှုမှ အမျိုးသမီး ၁ ဦး၊ မန္တလေးမြို့ ရွှေဝင်းအမျိုး သမီးဆောင်ပြိုကျမှုမှ အမျိုးသမီး ၁ ဦး၊ မန္တ လေးမြို့ TULIP တည်းခိုခန်းပြိုကျမှုမှ အ မျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး၊ Sky Villa ပြိုကျမှုမှ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦးဖြင့် ပေါင်း ၁၂ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း မီးသတ်ဌာနက ဖော်ပြ သည်။
ထိုကြောင့်အသက်ရှင်လျက်တွေ့ရှိပြီး ကယ်ထုတ်နိုင်မှုမှာငလျင်ကြီးလှုပ်ခတ်ပြီး ၅ ရက်မြောက်နေ့ဖြစ်သော ဧပြီ ၂ ရက်တွင် အမျိုးသားလေးဦးမှာနောက်ဆုံးဖြစ်နေသည်။ ဧပြီ ၂ ရက်တွင် နေပြည်တော်၌ အမျိုးသားနှစ်ဦး ၊ စစ်ကိုင်းမြို့တွင် အမျိုးသားတစ်ဦး နှင့် မန္တလေးမြို့၌ အမျိုးသားတစ်ဦး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အပျက်အစီးပုံများအောက်တွင်ရှာဖွေကယ်ဆယ်ရေးများဆက်လက်လုပ်ကိုင်နေကြသော်လည်းဧပြီ ၃ ရက်နောက်ပိုင်းတွင် အသက်ရှင်လျက်ကယ်ထုတ်ရမိသူမရှိသေးကြောင်း ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်နေသူအချို့ကပြောသည်။
မန္တလေးမြို့တွင် ဧပြီ ၅ ရက်နေ့က ပြိုကျပျက်စီးလျက်ရှိသော တိမ်ဖြူဟိုတယ်၊ မောက်မယ်ဝင်းတက်လမ်းဆေးကျောင်းသားအဆောင်၊ Sky Villa ၊ ၈၄လမ်း၊ ၂၇x၂၈ ကြားရှိ အဆောက်အဦ၊ Great Wall HOTEL ၊ Tulip တည်းခိုခန်း၊ Win Star Hotel ၊ အောင်မြင့်မိုရ်ဟိုတယ်၊ ပညာစံအိမ်ကျောင်း စုစုပေါင်း(၉)နေရာတို့ရှာဖွေကယ်ဆယ်ရေးထပ်မံပြုလုပ်ခဲ့ကြောင်းမီးသတ်တပ်ဖွဲ့တပ်ဖွဲ့ကထုတ်ပြန်သည်။
တရုတ် ၊ရုရှား၊ ဘီလာရုဒ်နိုင်ငံတို့မှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ နှင့် မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့များ၊ လူမှုကူညီရေးအသင်းများ၊ ပြည်သူများ၊စစ်ကောင်စီ၏ ဌာနဆိုင်ရာများ၊ပူးပေါင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လုပ်နေသည်ဟုဆိုသည်။
အထက်ပါကဲ့သို့ ငလျင်ဒဏ်သင့်ဒေသများအား ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေသည့်တချိန်တည်းတွင် ဧပြီ ၅ ရက်ည ၈ နာရီခန့်က သလျင်ဘေးသင့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များတွင် မိုသည်းထန်ကာ လေ ပြင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများမှာ ယခင်ထက်ပိုမိုခက်ခဲလာနိုင်သည့်အပြင် ငလျင်ဒဏ်သင့်အဆောက်အဦးများ ပြိုကျနိုင်သည့်အန္တရာယ်နှင့် မြေသားပြိုကျနိုင်မည့်အခြေအနေများကို ကယ်ဆယ်ရေးလုပ်ဆောင်သူများ ပိုမိုသတိပြုလုပ်ဆောင်သင့်ကြောင်း အကြံပြုမှုများလည်း ရှိနေသည်။
အလားတူ ပြိုကျအဆောက်အဦးများပိမိနေ ၍ ရှာဖွေရေးမလုပ်နိုင်သေးသော နေရာများတွင် သေဆုံးရုပ်အလောင်းအချို့ရှိနေနိုင်ရာ ယခင်လို အလွယ်တကူထိကိုင်ခြင်းမပြုကြဘဲ အကာအကွယ်များ စနစ်တကျဝတ်ဆင်ခြင်း၊ ရုပ်အလောင်းများသည် ရက်ကြာလာခြင်းနှင့် နေဒဏ်မိုးဒဏ်များကြောင့် ပုပ်ပွရည်များထွက်နေနိုင်ခြင်းတို့ကြောင့် ထိကိုင်ပြီးပါက ပိုးသတ်ဆေးဖြန်းခြင်း စသည့်ကျန်းမာ ရေးဆိုင်ရာ သတိပြုဖွယ်အချက်များကို မမေ့လျော့ကြရန် နားလည်တတ်ကျွမ်းသူများက တိုက်တွန်းထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ပြင်းထန်ငလျင်ကြီးကြောင့် ဧပြီလ ၄ ရက်နေ့အထိ နိုင်ငံတဝှမ်း ငလျင်ဒဏ်သင့်သေဆုံးသူ ၃,၃၅၄ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄,၅၀၈ ဦးနှင့် ပျောက်ဆုံးနေသူ ၂၂၀ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။မြေပြင်တွင် သေဆုံး ထိခိုက်သူ ၊ပျောက်ဆုံးသူများမှာ စစ်ကောင်စီစာရင်းထက်ပိုများကြောင်း ငလျင်သင့်ပြည်သူနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်နေသူများကပြောသည်။
စစ်ကောင်စီ၏ စာရင်းမှာအသေးစိပ်မဖော်ပြထားသဖြင့်တော်လှန်ရေးအဖွဲ့များထိန်းချုပ်ထားသောဒေသမှ ပြည်သူများ ငလျင်ကြောင့်သေဆုံးထိခိုက်မှုကိုပါထည့်သွင့်တွက်ချက်ခြင်း ရှိ ၊မရှိကိုမူမသိရသေးပေ ။ စစ်ကောင်စီသည် တော်လှန်ရေးအဖွဲဲ့များထိန်းချုပ်ထားသောဒေသများသို့အကူအညီများမရောက်ရန် အကူအညီပေးသူများကိုကန့်သတ်တင်းကြပ်နေကြောင်း ကုလသမဂ္ဂက ပြောသည်။
၂၀၂၃ မေလတွင် ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းဒဏ်ကိုပြင်းထန်စွာခံစားခဲ့ရသော်လည်း စစ်ကောင်စီက အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသော ဒေသများသို့ အကူအညီများမရောက်အောင်တင်းကြပ်စွာကန့်သတ်ခဲ့သည်။ ထိုနောက် AA ၏ထိုးစစ်ပေါ်လာပြီး ယခုအခါ ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်တွင် ၁၄ မြို့နယ်ကို AA ကသိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်သုံးမြို့နယ်မှ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့ကို စတင်ထိုးစစ်ဆင်လာပြီဖြစ်သည်။
