ဧပြီ ၆၊ ၂၀၂၅။အာရုဏ်ဦး/People’s Spring
ငလျင်ဒဏ်သင့်အဆောက်အအုံများကို မြေပြင်စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ရန် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ဆောင်ကြမည့် အင်ဂျင်နီယာများအား ဖိတ်ခေါ်ထားရာ စာရင်းပေးသွင်းသူ ၂,၀၀၀ကျော်ရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံမြေငလျင်ကော်မတီက ယနေ့(ဧပြီ ၆ ရက်) အသိပေးထုတ်ပြန်သည်။
မြန်မာနိုင်ငံငလျင်ကော်မတီအနေဖြင့် ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အအုံများ၏ အခြေအနေကို စနစ်တကျစစ်ဆေးစိစစ်မှုများဆောင်ရွက်ရန် စိတ်ပါဝင်စားသူ လုပ်အားပေးလိုသည့် အင်ဂျင်နီယာများအား မတ်လ ၂၉ ရက်က ဖိတ်ခေါ်ခဲ့သည်။
“ပထမဦးစွာ၊ မန္တလေးမြို့အနီး လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများအား အ ကဲဖြတ်စိစစ် စစ်ဆေးရန်အတွက် စေတနာအ လျောက် ပါဝင်ကူညီလိုသည့် လုပ်အားပေး အင်ဂျင်နီယာများ၏ စိတ်အားထက်သန်မှုနှင့် စေတနာအတွက် ကျေးဇူးတင်လိုပါသည်”ဟု မြေငလျင်ကော်မတီက ဖော်ပြသည်။

Public Service Announcement
စစ်ဆေးရေးလုပ်ဆောင်ရာတွင် ပထမအပတ်စဉ်အဖြစ် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အစရှိသည့်မြို့ကြီးများ၌ တာဝန်ခံအဖွဲ့များဖွဲ့စည်း၍ အဆောက်အအုံများ၏ အခြေအနေ စစ်ဆေးစိစစ်မှုနည်းလမ်းများကို သင်ကြားပေးခြင်းနှင့် ကွင်းဆင်းစိစစ်ခြင်းများကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ထို့ကြောင့် တာဝန်ခံအဖွဲ့များမှတဆင့် ရွေးချယ်ထားသော စာရင်းပေးသွင်းထားသူ လုပ်အားပေး အင်ဂျင်နီယာများကို တိုက်ရိုက်ဆက်သွယ်ညှိနှိုင်းသွားမည်ဟုလည်း ငလျင်ကော်မတီက အသိပေးသည်။ အခြေအနေအပြည့်အစုံသိရှိနိုင်ရန် မြန်မာနိုင်ငံ မြေငလျင်ကော်မတီအား လူထုနွေဦးက ဆက်သွယ်ထားသော်လည်း အဆက်အသွယ်မရသေးပေ။
ထို့အပြင် ယခုပထမအပတ်စဉ်တွင် မပါဝင်ခဲ့သောအင်ဂျင်နီယာများကို နောက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များဖြစ်သည့် အဆောက်အအုံ ကွင်းဆင်းအကဲဖြတ်ခြင်း၊ အချက်အလက်ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာပြုစုခြင်း ဆိုင်ရာလုပ်ငန်းများ၊ အွန်လိုင်းပညာပေးလုပ် ငန်းများ၊ အဆောက်အအုံ အားဖြည့်ပြုပြင်ခြင်း၊ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းအစရှိသောလုပ်ငန်းစဉ်များ၌ လုပ်အားပေးရန် လုပ်ငန်းခေါင်းစဉ်အလိုက် အပတ်စဉ်များကို ကြိုတင်ကြေငြာ၍ လက်တွဲဆောင်ရွက်နိုင်ကြရန် အကူအညီတောင်းခံသွားမည်ဟု ထုတ်ပြန်ထားသည်။
