ဧပြီ ၅၊၂၀၂၅။ သတိုး/People’s Spring
ထိုင်းနိုင်ငံ ဆန္ဒပြပွဲများတွင်ပါဝင်သည့် မြန်မာများအနေဖြင့် တိုက်ခိုက်မှုများကြုံရနိုင်သောကြောင့် ဂရုစိုက်ကြရန် MTAT(Milk Tea Alliance Thailand)က ယနေ့(ဧပြီ ၅ရက်) သတိပေးထုတ်ပြန်သည်။
နိုင်ငံသား ၆,၀၀၀ကျော်သတ်ဖြတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ကန့်ကွက် ဆန္ဒပြနေမှုအပေါ် ပါဝင်မည့် မြန်မာများအား MTATက သတိပေးခြင်း ဖြစ်သည်။
“ဆန္ဒပြပွဲအတွင်းနှင့်ပြီးပြီးနောက်တွင် အမျိုးသားရေးဝါဒကြီးသူများ၏ တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှု၊ နှိပ်စက်နှောင့်ယှက်မှုနှင့် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို ခံနိုင်ရည်ရှိသည်။ ထို့အပြင် အစိုးရအာဏာပိုင်များမှ တိုက်ခိုက်မှုများလည်း ရှိနိုင်သည်။”ဟု MTAT က သတိပေးထားသည်။

Public Service Announcement
ထို့အပြင် ဖမ်းဆီးခံရပါက မြန်မာနိုင်ငံသို့ ပြန်ပို့နိုင်သလို ပြန်မပို့ပါကလည်း ဖမ်းဆီးမှုခံရနိုင်ပြီး အထောက်အထားအစုံအလင်ရှိသည့်တိုင် အာမခံအတွက် ခက်ခဲနိုင်သည်ဟု ဆိုသည်။
“စာရွက်စာတမ်းများမှန်ကန်သောသူများတွင်ပါ ထိုအခွင့်အရေးများကို ထိုင်းအာဏာပိုင်များက ဖျက်သိမ်းခြင်း သို့မဟုတ် အနာဂတ်တွင် စာရွက်စာတမ်းအသစ်မှတ်ပုံတင်ခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်များအတွင်း အခက်အခဲများ ဖြစ်ပေါ်နိုင်သည်။”ဟု MTATက ထုတ်ပြန်ထားသည်။
ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်သူများအနေဖြင့်လည်း ထိုင်းအာဏာပိုင်များဘက်မှ စောင့်ကြည့်ခံရနိုင် သောကြောင့် မည်သည့်လှုပ်ရှားမှုမဆို မိမိအန္တရာယ်ကို သေချာစွာသတိပြု၍ ပြုလုပ်ရန် နှင့်၎င်းတို့ဘက်မှ အကူအညီပေးနိုင်မှုမှာ ကန့်သတ်ချက်များရှိနေကြောင်း ဆိုသည်။
မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးကတည်းက နိုင်ငံသား ၆,၀၀၀ ကျော် သတ်ဖြတ်ထားကြောင်း၊ အရပ်သား ၂၀,၀၀၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ သေဒဏ်အမိန့်ကို အသက်သွင်းခဲ့ကြောင်းနှင့် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် ၃သန်းခွဲကျော်ရှိလာသည်ဟုဆိုကာ ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများက ရေးသားကန့်ကွက်နေကြသည်။
Milk Tea Alliance Thailandအပါအဝင် ထိုင်းနိုင်ငံရှိ လူမှုအသင်းအဖွဲ့များက ဆန္ဒပြကန့်ကွက်နေခြင်းဖြစ်သည်။ Milk Tea Alliance Thailandသည် မြန်မာစစ်တပ်က အာဏာသိမ်းမှုကြောင့် ပြည်သူလူထု အကျပ်အတည်းဖြစ်လာမှုနှင့် ဖမ်းဆီးသတ်ဖြတ်နေသည့်အကြောင်း ထိုင်းနိုင်ငံသားများသိရှိစေရန် ထိုင်းတက္ကသိုလ်မှ ကျောင်းသားလူငယ်များဖြင့် စုဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။
ဧပြီ ၄ရက် ညနေ ၄နာရီခွဲကလည်း BIMSTEC အစည်းအဝေးကျင်းပသည့် ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်အတွင်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းတက္ကသိုလ်ကျောင်းသားတစ်ဦးက ကန့်ကွက်ဆန္ဒပြခဲ့သည်။
ထိုင်းတက္ကသိုလ် ပထမနှစ်ကျောင်းသား ပွန်သည် အာဏာရှင်လူသတ်သမား မင်းအောင်လှိုင်အား ကြိုဆိုမည်မဟုတ်ကြောင်း ဟိုတယ်အတွင်း အော်ဟစ်ဆန္ဒပြခဲ့သည်။
ထို့အပြင် “Mik Luang Rim Nam and Fire Ram Thung” အဖွဲ့၏ ထိုင်းလူငယ်များကလည်း ဘန်ကောက်မြို့လယ်ရှိ Bangkok Art and Culture Centre ရှေ့၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း ဆန္ဒပြခဲ့သည်။ “နင့်ကို ငါတို့ မကြိုဆိုဘူး လူသတ်ကောင် မင်းအောင်လှိုင်” ဟု မြန်မာဘာသာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်အချို့ ကိုင်ဆောင်ပြီး သွေးစွန်းနေသည့် အဖြူရောင်ဝတ်စုံများဝတ်ဆင်ထားသည့် လူငယ်များကလည်း လက်သုံးချောင်းထောင်သည့် သင်္ကေတဖြင့် သရုပ်ဖော်ဆန္ဒပြခဲ့ကြသည်။
ဘန်ကောက်ရောက် စစ်ခေါင်းမင်းအောင်လှိုင်အား ဘန်ကောက်ရှန်ဂရီလာဟိုတယ်အနီးတွင်ဆန္ဒပြခဲ့သည့် မြန်မာနိုင်ငံသား ကိုဖြိုးပိုင်နှင့် မြန်မာအမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးထားပြီး စစ်ကောင်စီလက် အပ်နှံရန် ပြင်ဆင်နေသည်ဟု ဖမ်းဆီးခံ ကိုဖြိုးပိုင်က လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။
(ဘန်ကောက်မြို့လယ်ရှိ Bangkok Art and Culture Centre ရှေ့၌ ထိုင်းလူငယ်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း ဧပြီ ၄ရက် ညပိုင်းတွင် ဆန္ဒပြနေစဉ်။ ဓာတ်ပုံ – AP)
