ဧပြီ-၅၊၂၀၂၅။စိုင်းနန်/People’s Spring
ငလျင်ဒဏ်ကြောင့် အိုးဘိုထောင်ပြိုကျမှု၌ သေဆုံးသူ ၁၂ ဦးတွင် နိုင်ငံရေးအကျဉ်းသူ ၆ ဦးပါဝင်ပြီး စစ်ကောင်စီက သတင်းထိန်ချန်ထားဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောသည်။
ဧပြီ ၅ ရက်အထိ ရရှိထားသော စာရင်းအရမမိုးသူဇာခိုင်၊ဒေါ်လဲ့လဲ့စိုး ၊ဒေါ်ခင်အုန်းရွှေ၊ မကေကေဝင်း၊မပပဝင်း ၊မဖူးဝေဝေ တို့ အသက်ဆုံးရှုံးခဲ့ပြီး စစ်ကောင်စီက မိသားစုဝင်များကိုပင် အကြောင်းမကြားဟု ကိုသိုက်ထွန်းဦးကပြောသည်သေဆုံးသူ ၆ဦးသည် အသက် ၂၀ မှ ၅၀ ကြား အမျိုးသမီးများဖြစ်ပြီး ၅ဦးသည် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရကာ တစ်ဦးသည်အမှုရင်ဆိုင်နေဆဲဟု သတင်းရရှိသည်။
“ပြေးစရာနေရာမရှိသည့်အပြင်တန်းပိတ်ချိန်ကြောင့် ပြေးခွင့်မရခဲ့တဲ့ ဘဝတွေ”ဟု ကိုသိုက်ထွန်းဦးက လူထုနွေဦးသို့ပြောသည်။

Public Service Announcement
မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်ဟု သတင်းရရှိသည် ။
ငလျင်ကြောင့် ပြင်းထန်သည့်ထိခိုက်ဒဏ်ရာရ၉ဦး၊ ဆေးရုံတက်ရန်လိုအပ်သူ၄၀ကျော်ရှိပြီး ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရဟု PPNM က ထုတ်ပြန်ထားသည်။
ထိုအပြင် မန္တလေး နန်းတွင်းထဲရှိ စစ်တပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) အဆောက်အအုံများ နှင့်အတူ စစ်ကြောရေးအချုပ်ဆောင်တွေလည်းပြိုကျခဲ့ပြီး နန်းတွင်းထဲရှိ အဆောက်အအုံများ၏ ၇၀ ရာခိုင်နှုန်းခန့်ပြိုကျခဲ့ကြောင်း နန်းတွင်းထဲတွင်နေသောစစ်သားအချို့က People’s Spring သို့ပြောသည်။
သို့သော်စစ်ကောင်စီက နန်းတွင်းထဲတွင်ငလျင်ကြောင့် အဆောက်အအုံများပြို၍ စစ်သားနှင့်မိသားစုဝင်များ သေဆုံးထိခိုက်မှု ၊အကျဥ်းသားများထိခိုက်သေဆုံးမှု အခြေအနေများကိုလည်းသတင်းအမှောင်ချထားခဲ့သည်။
ကနဦးဆေးရုံရောက်ဒဏ်ရာရသူများသည်တပ်မိသားစုဝင်များသာဖြစ်ပြီးအကျဥ်းသားများ၊အချုပ်သားများအတွက် မတ်လ၂၉ရက် နေ့တွင်မှ စစ်ကောင်စီက ဆရာဝန်တချို့ကိုခေါ်ကာကုသပေးခဲ့ကြောင်းစုံစမ်းသိရသည်။
“စီနီယာဆရာဝန်တချို့ကို ခေါ်သွားတာ။ဒဏ်ရာရတဲ့သူတွေ များတယ်လို့ပဲသိရတယ်။အရေအတွက်နဲ့သေဆုံးစာရင်းကိုမသိရဘူး။တပ်မိသားစုဝင်သေဆုံးစာရင်းတောင်ဆရာဝန်တွေ ကိုယ်တိုင်မသိရဘူး”ဟု စစ်သားတဦးက ပြောသည်။
