ဧပြီ ၅၊ ၂၀၂၅။ Scorpio/People’s Spring
စစ်ကိုင်းတံတားအသစ်(ရတနာပုံတံတား)ပေါ်ကို ကုန်တင်ယာဥ်ကြီးတွေ ဖြတ်သန်းခွင့်မပြုတာကြောင့် သင်္ဘောပေါ်တင်ကူးနေရလို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရတယ်လို့ ကားသမားတွေက ပြောပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်းအဆင်းမှာ ပျက်စီးမှုအနည်းငယ်ရှိခဲ့တာကြောင့် အဆိုပါတံတားပေါ်ကို ကုန်တင်ယာဥ်ကြီးတွေ ဖြတ်သန်းခွင့်ပိတ်ထားပါတယ်။ ဒါကြောင့် ကုန်တင်ယာဥ်ကြီးတွေဟာ ရွှေကြက်ယက်ကနေ သင်္ဘောပေါ်ကုန်တင်ယာဥ်တွေတင်ပြီး ဧရာဝတီမြစ်ကိုဖြတ်ကာ စစ်ကိုင်းတိုင်းဘက်ခြမ်း ကူးနေရပြီး အမရပူရမြို့နယ်ထဲမှာတင် ကုန်တင်ယာဥ်အများအပြား စောင့်ဆိုင်းနေရတယ်လို့ ကားသမားအချို့က ပြောပါတယ်။
“ကျွန်တော်တို့က အထက်ပိုင်းအထိသွားမှာ။ ဒီမှာ(အမရပူရ)မှာ စောင့်နေတာတော့ နှစ်ရက်ရှိပြီ။”လို့ ကားသမားတစ်ဦးက ပြောပါတယ်။

Public Service Announcement
ကားသမားတွေစောင့်ဆိုင်းနေရတဲ့ ဧရာဝတီမြစ်ကမ်းနားလမ်းဟာ ငလျင်ကာလမှာတင် ဓါးပြတိုက်မှုတွေ ဖြစ်ပွားနေလို့ လုံခြုံရေးအရစိုးရိမ်နေရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
အလားတူ မန္တလေးမြို့ထဲသွားမယ့်ကုန်တင်ယာဥ်တွေလည်း ကမ်းနားလမ်းပျက်စီးနေလို့ စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ကူးတံတားတစင်းဖြစ်တဲ့ စဉ့်ကူးမြို့နယ်က ကျောက်မြောင်းတံတားကိုလည်း စဉ့်ကူးမြို့ကို PDF တွေ သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေ ခက်ခဲနေပါတယ်။
