ထားမြတ်/People’s Spring
ကရင်ပြည်နယ် ဖာပွန်မြို့နယ် မထောစစ်ကောင်စီစခန်းကို ယနေ့(နိုဝင်ဘာ ၂၂ရက်)နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)က သတင်းအသိပေး ထုတ်ပြန်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)အမှတ်(၅)တပ်မဟာနှင့် မဟာမိတ်ပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ မဟာဗျူဟာကျသည့် မထောအခြေစိုက် စကခ(၈)လက်အောက်ခံ ခမရ(၄၀၇)၊ ခမရ(၄၀၈)နှင့် ခမရ(၄၀၄)တပ်စခန်းတို့အား ယနေ့ နံနက် ၇နာရီ ၄၈မိနစ်တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါတပ်စခန်းမှ လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပြီး စစ်ကောင်စီတပ်၏ သေဆုံး၊ ဒဏ်ရာရရှိမှုနှင့် လက်နက်သိမ်းဆည်းရရှိမှု စာရင်းအချက်အလက်ပြည်စုံအား အချိန်နှင့်တပြေးညီဆက်လက်တင်ပြပေးမည်ဟု တပ်မဟာ(၅)က ထုတ်ပြန်သည်။

Public Service Announcement
မထောစခန်းသည် ဖာပွန်မြို့တောင်ဘက်(၁၀) မိုင်ခန့်အကွာတွင်တည်ရှိပြီး နိုဝင်ဘာဒုတိယပတ်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ တစ်ပတ်ခန့်အကြာတွင် စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“မထောစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဘက်က သိမ်းပိုက်လို့ရပြီဆိုတာ အတည်ပြုလို့ရပြီနော်။ အခုစခန်းထဲမှာတော့ ရန်သူ(စစ် ကောင်စီ)မရှိတော့ဘူး”ဟု တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ယနေ့ ညနေပိုင်းတွင် ပြောသည်။
အင်အား ၈၀ခန့်ရှိသည့် မထောစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဟု ဗိုလ်မှူးကြီးက ပြောသည်။
စစ်ကောင်စီ၏ ကူးဆိပ်စခန်းကို သိမ်းနိုင်ပြီးနောက် ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းပေါ်ရှိ မထောတပ်စခန်းကိုပါ KNUက ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်ပိုင်းတွင် စစ်ကောင်စီ၏ တောင်သုံးလုံးစခန်း၊ ကတိုင်တိစခန်း၊ ကညင်ဒုံစခန်း၊ နယ်ခြားစောင့်တပ် အမှတ်(၁၀၁၃)တပ်ရင်း၊ အမှတ်(၁၀၁၄)တပ်ရင်းဌာနချုပ်နှင့် ကမမောင်းဗျူဟာတို့ ကျန်ရှိနေသည်။
ထို့ပြင် ဖာပွန်မြို့အပြင်တွင် စစ်ကောင်စီတပ်၏ အခြေချ စစ်ဗျုဟာလည်း ကျန်ရှိနေသော်လည်း တော်လှန်ရေးပူးပေါင်းတပ်များက ဝိုင်းရံပိတ်ဆို့ထားသည်။
