ကျော်ဇော/People’s Spring
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း မကွေးတိုင်း(ပကဖ) ၊ ရွေ့လျားစစ်ကြောင်း Yenanthar Column မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့(နိုဝင်ဘာ ၂၂ ရက်)နံနက်အစောပိုင်း ၁၂ နာရီခွဲခန့်က ဆိပ်ဖြူမြို့အနီး ဆော- ဆိပ်ဖြူလမ်းပိုင်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ကြပ်တစ်ဦးနှင့် ရဲဘော်တစ်ဦးနေရာတင်သေဆုံး၍ သုံးဦးဒဏ်ရာရသွားကြောင်း ၎င်းက ပြောသည်။
ထို့နောက် ပစ်ခတ်တိုက်ခိုက်နေစဥ်အတွင်း ဆိပ်ဖြူမြို့ဘက်မှ စစ်ကူကား(၃)စီး ရောက်လာသောကြောင့် ရန်သူ့လက်နက်များကို ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း Yenanthar Column က အသိပေးသည်။

Public Service Announcement
တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသွားသော စစ်ကောင်စီတပ်သားသုံးဦးအား ဆိပ်ဖြူဆေးရုံသို့ ပို့ဆောင်၍ဆေးကုသထားရာ ယမန်နေ့ (နိုဝင်ဘာ ၂၂ ရက်)နေ့လယ်ပိုင်းတွင် နှစ်ဦးထပ်မံသေဆုံးသွားကြောင်း စုံစမ်းသိရသည်။
“ဆေးရုံမှာ နှစ်ယောက်ထပ်သေတယ်ဗျ။ ပေါင်မှန်တဲ့လူနဲ့ ရင်ဘတ်မှန်တဲ့လူက ဒီနေ့ ဆိပ်ဖြူဆေးရုံမှာ ထပ်သေတာဗျ”ဟု မကွေးတိုင်း (ပကဖ)၊ ရွေ့လျားစစ်ကြောင်း Yenanthar Column မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တိုက်ခိုက်မှုကို မကွေးတိုင်း(ပကဖ)Yenanthar Column တွင် ပခုက္ကူခရိုင်အမှတ်-၁၉တပ်ရင်း၊ ဆိပ်ဖြူဘာမထီ တပ်ခွဲ(၁)၊ တပ်ခွဲ(၂)နှင့် ဆိပ်ဖြူမြို့နယ် အ နောက်ပိုင်းဇုန် (၁)ပကဖ၊ မကွေး တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခဲ့ခြင်း ဖြစ်သည်။















































