ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် နိုင်ငံရေး၊ စစ်ရေး ဆောင်ရွက်မှုများကို ရှမ်းမြောက်ဒေသ စစ်ရေးဖော်ဆောင်မှုအပါအဝင် အခြားသူများလုပ်ဆောင်သကဲ့သို့ လုပ်ဆောင်၍ မရဘဲ အဖွဲ့ကချမှတ်ထားသည့် နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်အတိုင်း တဆင့်ခြင်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း KNU အုပ်ချုပ်မှုစွမ်းရည်မြှင့် တင်ရေးကော်မတီ အတွင်းရေးမှူး စောကပီက ပြောကြားသည်။
KNU၏ လက်ရှိသွားနေသည့် နိုင်ငံရေး၊ စစ်ရေး လမ်းစဥ်များအပေါ် ပြည်သူလူထုပိုမိုသိရှိနားလည်စေရန် ဆရာစောကပီမှ ကရင်ဘာသာဖြင့် ရှင်းပြချက်ကို KNUဗဟိုက ယနေ့ (နိုဝင်ဘာ ၈ရက်)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
KNUအနေဖြင့် KNUကွန်ဂရက်က ချမှတ်သည့် နိုင်ငံရေးလမ်းစဉ်အတိုင်း ဆက်သွားနေကြောင်း၊နိုင်ငံရေးလမ်းစဉ်နှင့် လုပ်ငန်းစဉ်အရ တော်လှန်ရေးကို ဦးဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုအဖြစ် ကွန်ကရက်တစ်ကြိမ်ပြီး တစ်ကြိမ်ချမှတ်ထားခဲ့ကြောင်း ၎င်းက အသိပေးသည်။

Public Service Announcement
” အခု ဖြစ်ပေါ်နေတဲ့ လက်ရှိနိုင်ငံရေး အခြေအနေကိုပြောရမယ်ဆိုရင် ကျနော်တို့ကို ကျနော်တို့ရဲ့ ပြည်သူတွေဖြစ်စေ၊ အခြားပြည်သူ တွေဖြစ်စေ ကျနော်တို့အဖွဲ့အစည်းလုပ်ငန်းအပေါ် အားမလိုအားမရတာတွေ ရှိမယ်။ သို့သော် လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတွေမှာ ကျနော်တို့လုပ်ဆောင်နေတဲ့အထဲမှာ ပထမတခုက နိုင်ငံရေးအရချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း သွားတယ်။ ဒုတိယတခုက အင်အားနဲ့အခြေအနေအရ မိမိအခွင့်အရေးအခြေအနေအရ မူတည်ပြီးသွားတယ်။ တတိယတခုကတော့ တဆင့်ပြီးတဆင့်သွားတယ်”ဟု ဆရာစောကပီက ပြောသည်။
စစ်ရေး အခြေအနေများသည် ရှမ်းပြည်နယ် မြောက်ပိုင်း အခြေအနေနှင့်နိုင်ငံတခုလုံး၏ အခြေအနေများ မတူညီနိုင်ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အနေဖြင့် စစ်ရေးလမ်းစဉ်၊ လုပ်ငန်းစဉ် ချမှတ်ထားပြီး KNU ချမှတ်ထားသည့် နိုင်ငံရေးလမ်းစဉ်များ တဆင့်ပြီး တဆင့်ဦးဆောင်မှု အခြေအနေနှင့် အခွင့်အရေးများအတိုင်း ဆောင်ရွက်နေကြောင်း ပြောကြားသည်။
” အရေးကြီးဆုံးကတော့ ကျနော်တို့ချမှတ်ထားတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို လမ်းလွဲမသွားဖို့ လိုအပ်တယ်။ အခြားသူတွေးထားချက်နဲ့ မတူညီတဲ့ အခြေအနေနဲ့ အခြားအဖွဲ့အစည်း မူတွေရဲ့လမ်းစဉ်အတိုင်း လုပ်ဆောင်လို့မရဘူး။ ၁၀၂၇ စစ်ဆင်ရေးတွေ ပေါ်လာတယ်။ အဲ့အတွက်ကြောင့် ကျနော်တို့က အဲလိုမျိုး အမည်တခုနဲ့ စစ်ဆင်ရေးတွေ ပေါ်လာဖို့ပြောကြတယ်။ တွေးကြတယ်။ အဲလိုမျိုးက ကျနော်တို့ရဲ့ အခြေအနေနဲ့ ကိုက်ညီမှုမရှိဘူး”ဟု ဆရာစောကပီက ပြောသည်။
KNUနယ်မြေတွင် ကော်ဘရာစစ်ကြောင်း ကဲ့သို့ စစ်ကြောင်းများ ရှိလာကြောင်း၊ လက်နက်ကိုင် တော်လှန်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ခြင်း၊ အားပေးခြင်း၊ စစ်သင်တန်းအကူအညီပေးခြင်း၊ အခြားလူမျိုးများ၏ လက်နက်ကိုင် တော်လှန်ရေးအတွက်အကူအညီပေးခြင်းများ ရှိပြီး ပြည်တွင်းက ဗမာတိုင်းရင်းသားများကိုပါ သင်တန်းပေးခြင်း ပူးပေါင်းဆောင်ရွက်ခြင်းရှိကြောင်း ပြောကြားသည်။
” အခြားတဘက်ကိုကြည့်မယ်ဆိုရင် ကရင်အမျိုးသားအစည်းအရုံးရဲ့ အုပ်ချုပ်တဲ့နယ်မြေက အကျယ်ဆုံးပဲ။ တနင်္သာရီတိုင်း ဘက်မှာဆိုရင် အုပ်ချုပ်နယ်မြေတွေရှိတယ်။ ပဲခူးတိုင်းဘက်မှာ ဆိုရင်လည်း ကော်သူးလေ အုပ်ချုပ်နယ်မြေတွေရှိတယ်။ မွန်ပြည်နယ်ဘက်မှာဆိုလည်း ရှိတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းတွေမှာဖြစ်စေ၊ နိုင်ငံရေးလမ်းစဉ်တွေဖြစ်စေ၊ မြေပြင်စစ်ရေးလှုပ်ရှားမှုတွေဖြစ်စေ အခြားသူလုပ် သလိုပုံစံတူ လုပ်လို့မရ ဘူးလို့မြင်တယ်။ ကျနော်တို့ရဲ့ လမ်းစဉ်အတိုင်း တဆင့်ပြီးတဆင့် သွားရမှာဖြစ်တယ်”ဟု ဆရာစောကပီက ပြောသည်။
KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကလည်း KNUအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်များနှင့်ပူးပေါင်းပြီးစစ်ကောင်စီကို ဆက်လက်တိုက်ခိုက်နေကြောင်း နိုဝင်ဘာ ၅ရက်က ကျင်းပခဲ့သည့် NUGနှင့် K2C(KNU၊KNPP၊CNF) တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အသိပေးသည်။
” တောင်ပိုင်းစစ်ရေး အခြေအနေကတော့ ကျနော်တို့နဲ့ PDFနဲ့ ပူးပေါင်းဆောင်ရွက်မှု ဒီဟာတွေကတော့ ကျနော်တို့ တောင်ပိုင်းမှာ စစ်တပ်ကို ရှေ့တန်းမှာ ရန်သူအသွင်နဲ့ လာတဲ့ စစ်သားတွေမှန်သမျှကတော့ ပြတ်ပြတ်သားသား ကျနော်တို့ ဆက်ပြီးတော့ စဉ်ဆက်မပြတ် ပြန်ပြီး ဖိအားပေး တွန်းလှန်ပြီး တိုက်ယူတဲ့ ရှင်းလင်းတာတွေ တောက်လျှောက်ှရိနေပါတယ်။ တချက်မှ မရပ်ပါဘူး။ PDFနဲ့ ပူးပေါင်းညှိနှိုင်းမှုက ဘာမှ ကျနော်တို့ကြားမှာ အခက်အခဲမရှိပါဘူး”ဟု ပဒိုစောတာဒိုမူးက ပြောကြားသည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း KNU အနေဖြင့် ချွေစစ်ဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။
KNUအနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို ပြောက်ကျားစစ်အပါအ၀င် တိုက်ပွဲကြီးငယ် သောင်းချီ တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုများကို လက်ခံခြင်း၊ စစ်သင်တန်းပေးခြင်းအပါအဝင် အကူအညီများ ပေးအပ်ခဲ့သည်
