ထားမြတ်/People’s Spring
မကွေးတိုင်း ဆောမြိုနယ် ကံချောင်းကျေးရွာကို စစ်ကောင်စီက ယမန်နေ့ ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၁၂)နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်က ပြောသည်။
အောက်တိုဘာ ၃၀ရက် ည ၁၂နာရီတွင် ဆောမြို့နယ် ကံချောင်းကျေးရွာကို ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲံရာ ဒေသခံပြည်သူများ၏ နေအိမ် ၁၀လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာဆေးခန်းလည်း ပျက်စီးမှုရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ဒဏ်ရာရသူလေးဦးမှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိဟု အသိပေးသည်။
အဆိုပါဒေသ၌တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။
” ပျူ၊ ဒလံတွေက သတင်းပေးပြီးဆေးခန်းကို ပစ်ခိုင်းပုံရတယ်”ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွင် ကံချောင်းကျေးရွာမှတဆင့် ဆောမှ ရက္ခိုင်ပြည်နယ်ဘက်သို့ ဆိုင်ကယ်များဖြင့် ရိက္ခာပို့နေကြောင်းနှင့် Star Link သုံးလို့ရသည့် ကျေးရွာဖြစ်ကြောင်းရေးသားထားသည်ကို တွေ့ရသည်။
ထို့ပြင် အဆိုပါ ကံချောင်းကျေးရွာသို့ NLD ပါတီလွှတ်တော်အမတ် ဦးကျော်မြင့် မကြာခဏလာသည်ဟုလည်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန် တွင် ရေးသားထားပြီး ဒေသတွင်း၌လည်း PDF စခန်းကြီးရှိသည်ဟု ရေးသားထားသည်ကို တွေ့ရသည်။ ထိုသို့ ဝါဒဖြန့် ရေးသားချက်များ တွေ့ရပါက ဒေသတွင်းကို ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လာသည်ကို ယခင်ကလည်း ကြုံရလေ့ရှိသည်ဟု ဆောမြို့နယ် သတင်းရင်းမြစ်က ပြောသည်။
