လူအေး/People’s Spring
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် စစ်ဘေးရှောင်ပြည်သူ ၁၀၀ ခန့်လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ပြီး အများစုပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။
ကင်းမွန်ငါးဖမ်းမီးထွန်းလှေသည် ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် အောက်တိုဘာ ၂၀ ရက်နေ့ ည ၉ နာရီခန့်က နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement
“စစ်ကောင်စီရဲ့ လေကြောင်းရန်ကိုကြောက်လို့ ပြေးသူတွေရော၊ ကျောင်းတက်ဖို့ လိုက်သွားတဲ့ ကျောင်းသားတွေရော ပါသွားတာပါ။ ၁၀၀ လောက်ရှိတယ်တောင် ကြားနေရပါတယ်။ တခါတခါ သွားရဖို့လည်း မလွယ်တော့ စုပြုံတက်ရင်း ဖြစ်တာ” ဟု ပုလောမြို့ခံတစ်ဦးကပြောသည်။
အရပ်ဘက်အဖွဲ့များပါသည့် ကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများက ရှာဖွေကယ်ဆယ်ရေးလုပ်နေသော်လည်း စစ်ကောင်စီလေကြောင်းရန်ကို ကြောက်နေရ၍ မထိရောက်ကြောင်း ဒေသခံအချို့ကပြောသည်။
ပုလောမြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများမကြာခဏ ပြုလုပ်နေသည်။ စစ်လှေပေါ်၌ လိုက်ပါလာသူများသည် မြို့နယ်အတွင်း ရွာများမှ စစ်ဘေးရှောင်ရန် ကြိုးစားကြသူများဖြစ်ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာလ ၂၁ရက်)နံနက်အထိ ၂၀ ဦးခန့်သာ ကယ်ဆယ်ထားနိုင်ပြီး ၈၀ခန့်ပျောက်ဆုံးနေကြောင်း ဒေသခံအချို့က ပြောသည်။
ပုလောမြို့နယ်အပါအဝင် တနင်္သာရီတိုင်းအတွင်း ယခုရက်ပိုင်းမိုးရွာနေသလိုပင်လယ်၌လည်း မိုးသက်လေပြင်းကျနေသည်ဟု သတင်းရရှိသည်။
