လူအေး/People’s Spring
မန္တလေးတိုင်းမြစ်သားမြို့၌ယနေ့(အောက်တိုဘာလ ၅ရက်) နံနက်ပိုင်း၌ ငလျင် လှုပ်သွားကြောင်း ဒေသခံများကပြောသည်။
အောက်တိုဘာလ ၅ ရက် နံနက် ၁ဝနာရီ ဝန်းကျင်တွင် ငလျင်လှုပ်သွားခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement
“ပြင်းတာမှ တော်တော်ကိုပြင်းထန်တယ်။ ရေဘေးကိုကြောက်နေရချိန် ငလျင်ပါလှုပ်တော့ပိုကြောက်တာပေါ့”ဟု မြစ်သားမြို့ခံတဦးကပြောသည်။
ငလျင်သည် ထိုင်းစံတော်ချိန် နံနက် ၁၀နာရီခွဲ (ထိုင်းစံတော်ချိန်က မြန်မာစံတော်ချိန်ထက် မိနစ် ၃၀ ပိုစောသည်) တွင် မြစ်သားမြို့၏ အရှေ့
တောင်ဘက် ၁၂မိုင်ခန့်၊ကျောက်ဆည်မြို့၏ တောင်ဘက်(၂၂) မိုင်ခန့်ကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၃ဒဿမ၇၊ မြေအနက် ၂ ကီလို
မီတာ၌ လှုပ်ခတ်သွားခြင်းဟု ထိုင်းမိုးလေဝသက သတင်းထုတ်ပြန်ထားသည်။ သို့သော် စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတင်းထုတ်ပြန်ခြင်းမရှိပေ။
မြို့နယ်အတွင်း၌ ငလျင်လှုပ်သွားကြောင်း မြစ်သားမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုသတင်းမကြားရကြောင်း ဒေသခံအချို့ကပြောသည်။
မြေအနက် ၁၀ ကီလိုမီတာထက်နည်းပါက ဇောက်တိမ်ငလျင်ဖြစ်ပြီး ဇောက်တိမ်ငလျင်မှာ ဖျက်အားပြင်းလေ့ရှိသည်။မြစ်သားတွင်လှုပ်သောငလျင်မှာလည်း ပြင်းအားနည်းသော်လည်း မြေအနက် ၂ ကီလိုမီတာ တွင်လှုပ်ခတ်ခြင်းဖြစ်၍ ဒေသခံပြည်သူများသိသိသာသာခံစားလိုက်ရခြင်းဖြစ်သည်။
မြစ်သားမြို့နယ်တွင်ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ရက်မှစ၍ တစ်ပတ်ခန့်ကြာ ရေဘေးကြုံခဲ့သည်။ နေအိမ်ထောင်ချီ ရေမြုပ်ပျက်စီးခဲ့ပြီး ၇ဦးထက်မနည်းသေဆုံးခဲ့သည်။ အောက်တိုဘာလဆန်းတွင် မိုးကြီးပြီး နောက်တစ်ကြိမ် ရေကြီးနစ်မြပ်မှုထပ်မံကြုံနေသည်။
