ရဲခေါင်/People’s Spring
ဂန့်ဂေါခရိုင်(ယောဒေသအတွင်း)ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော ယောကာကွယ်ရေးတပ် – YDFမှ ရဲဘော်နှစ်ဦးအား ချင်းအမျိုးသားတပ်ဦး(CNF/CNA)အဖွဲ့က ဖမ်းဆီးသွားကြောင်း ယောဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇူလိုင် ၇ရက် ညနေပိုင်းတွင် မတူပီမြို့နယ်နှင့် ဂန့်ဂေါမြို့နယ် အစပ်ဖြစ်သော ရောင်နက်ကျေးရွာတွင် ဖမ်းဆီးသွားခြင်းဟု ဆိုသည်။
ချင်းညီနောင်စစ်ဆင်ရေး(CB Operation) အတွင်း ယောကာကွယ်ရေးတပ်(YDF) ရဲဘော်များက ပူးပေါင်းတိုက်ခိုက်နေသောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ယောဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
“အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ဒေသတွင်း ပဋိပက္ခတွေ ဒီထက်ပို မကြီးမားစေဖို့လည်း ညှိနှိုင်းကြစေလိုပါတယ်”ဟု ၎င်းက ပြောသည်။
ရဲဘော်နှစ်ဦးကို CNAဖမ်းဆီးသွားသည်မှာ မှန်ကန်ကြောင်း ယောကာကွယ်ရေးတပ်-YDFမှတာဝန်ရှိသူက ဒေသတွင်းသတင်းရင်းမြစ် ယောအလင်းတန်းသို့ အတည်ပြုထားသည်။ သို့သော် လူထုနွေဦးအနေဖြင့် သီးခြားအတည်ပြုချက်မာသေးပေ။
ရဲဘော်နှစ်ဦး ဖမ်းဆီးခံရသည့်ဖြစ်စဥ်နှင့်ဆက်စပ်၍ ယောကာကွယ်ရေးတပ်-YDF နှင့် ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီထံသို့ လူထုနွေဦးက မေးမြန်းထားသော်လည်း ဆက်သွယ်၍ မရသေးပေ။
ချင်းပြည်နယ် မတူပီမြို့နယ်နှင့် ဆက်စပ်ဒေသများ၌ အာရက္ခတပ်တော်(AA) ပါဝင်သည့် ချင်းညီနောင်ပေါင်းတပ်သည် မတူပီမြို့သိမ်းတိုက်ပွဲဖော်ဆောင်စဥ် ချင်းအမျိုးသားတပ်မတော် (CNA)ပါဝင်သော ချင်းပြည်ကောင်စီ တပ်ပေါင်းစုအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။
ဇွန်လ ၁၈ရက်တွင် တိုက်ပွဲစတင်ခဲ့ပြီးနှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်။ ဇွန်လ ၂၄ရက်တွင် ချင်းပြည်ကောင်စီတပ်ပေါင်းစုကို မတူပီမြို့နယ်မှ ဆုတ်ခွာအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ချင်းညီနောင်က ကနဦးထုတ်ပြန်ထားသည်။
ဇူလိုင် ၇ရက်တွင် ထပ်မံထုတ်ပြန်ချက်အရ ဇွန်လ ၂၄ရက်မှ ဇူလိုင် ၇ရက်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။
ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က ထိုးစစ်ဆင်မှုကြောင့် ဇွန်လ ၂၄ရက်မှ ဇူလိုင် ၇ရက်ထိ ပစ်ခတ်မှု ၈ကြိမ်ဖြစ်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။
ချင်းညီနောင်အနေဖြင့် မတူပီမြို့သိမ်းတိုက်ပွဲကို ဇွန်လ ၉ရက်တွင် စတင်ခဲ့ရာ ဇွန်လ ၂၉ရက်တွင် မတူပီရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီးဖြစ်သည်ဟု ကြေညာခဲ့သည်။
စစ်ကောင်စီ ကင်းစင်ပြီးဖြစ်သော မတူပီမြို့နယ် အတွင်း ချင်းပြည်ကောင်စီပူးပေါင်းတပ်များက မတူပီမြို့သိမ်းစစ်ဆင်ရေးဟုဆိုကာ အင်အားဖြည့်တင်း၍ ဆက်လက်အခြေချနေကြောင်း ချင်းညီနောင်က ထုတ်ပြန်ထားသည်။
ချင်းညီနောင်အနေဖြင့်လည်း ချင်းပြည်လွတ် မြောက်ရေးအတွက် အာရက္ခတပ်တော်(AA) အပါအဝင် မဟာမိတ်အင်အားစုများနှင့်အတူ ပူးပေါင်းပြီး စစ်ကောင်စီ အလုံးစုံကင်းစင်ရေး ဆက်လက်လုပ်ဆောင်မည်ဟုလည်း ထုတ်ပြန် ကြေညာခဲ့သည်။
တစ်ဖက်တွင်လည်း ချင်းညီနောင်နှင့်အတူ တိုက်ပွဲဖော်ဆောင်နေပြီး မတူပီမြို့နယ်အတွင်း ယခင်ထက်ပိုမို အင်အားဖြည့်တင်းခြင်း၊ တပ် စခန်းတိုးချဲ့ခြင်းပြုလုပ်နေသည့် AAတပ်ဖွဲ့အားလုံးမြို့နယ်အတွင်းမှ ထွက်ခွာပေးရန် Global Matupi CDF Supporting Committee က တောင်းထိုထားသည်။
CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း AAအနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးဖော်ဆောင်မှုသည် ပြဿနာကို မီးခွပ်ထွန်းရှာသည့် အခြေအနေမျိုးဖြစ်၍ ရခိုင်ဒေသရှိ စစ်ကောင်စီတပ်စခန်းများကိုသာ ထိုးစစ်ဆင်တိုက်ခိုက်ရန် တိုက်တွန်းထားသည်။
