▪︎ပင်လောင်းမြို့နယ်အတွင်းစစ်ဘေးရှောင်အရေးကူညီနေသည့် Kayan Rescue Committee မှ ကိုချမ်းအေးနဲ့မေးမြန်းခန်း
စစ်ကောင်စီတပ် နှင့် ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့၏ ထိုးစစ်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ- ပင်လောင်းဒေသတွင် ဇွန်လလယ်ဝန်းကျင်မှ စ၍ တိုက်ပွဲ များဆက်တိုက်ဖြစ်ပွားနေသည်။ ဇွန်လ ၂၂ ရက်အထိ စစ်ကောင်စီပူးပေါင်းအဖွဲ့ ၏လက်နက်ကြီးနှင့် ဒရုန်းကြောင့် အရပ်သားပြည်သူ အယောက် ၂၀ ကျော်ထိခိုက်ဒဏ်ရာရထားပြီးဘုန်းကြီးတစ်ပါး အပါအဝင် ဒေသခံပြည်သူသေဆုံးမှုများလည်း ရှိနေသည်ဟု စစ်ဘေးရှောင်များကိုကူညီပေးနေသောအရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
ထို့အပြင် စစ်ဘေးရှောင်ပြည်သူအရေအတွက်မှာလည်း နေ့စဥ်တိုးလာနေပြီး အရေးပေါ်ရွှေ့ပြောင်း မှုအတွက် အခက်အခဲများရှိနေကာ အကူအညီများလိုအပ်နေကြောင်း ၎င်းတို့က သတင်းစကားပါးတောင်းဆိုသည်။ လက်ရှိ ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီနေသည့် Kayan Rescue Committee မှ ကိုချမ်းအေးကို လူထုနွေဦး(People’s Spring )က ဆက်သွယ်မေးမြန်းထားပါသည်။

ရဲခေါင်/People’s Spring
မေး-မြေပြင်တိုက်ပွဲအခြေအနေကို သိရသလောက် ပြောပေးပါဦး။

Public Service Announcement
ဖြေ-စကစနဲ့ PNO(ပအိုဝ်းပြည်သူ့စစ်)တွေအင်အားအမြောက်အများနဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲ ဖြစ်လာရတယ်။ဖယ်ခုံနဲ့ ပင်လောင်းဖက်ကနေ လက်နက်ကြီးတွေနဲ့ ကျေးရွာတိုင်းလိုလိုကို ပစ်ခတ်နေပါတယ်။
မေး- စစ်ကောင်စီ နဲ့ ပအိုဝ်း ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးနေတာ ဘယ်လိုရည်ရွယ်ချက်ကြောင့်လို့ထင်လဲ ။
ဖြေ- အဲဒါတော့ သေချာမပြောနိုင်သေးဘူး။တချို့ အချက်အလက်တွေအရတော့ ဖယ်ခုံ ဘက်အထိ ထိုးနိုင်တယ်လို့ သိရတယ်။အဲဒါဆိုရင်တော့ စစ်ရှောင်တွေ ထောင်နဲ့ချီထပ်တိုးလာနိုင်တယ်။

မေး-အခု ပင်လောင်းမြို့နယ်မှာ စစ်ဘေးရှောင် အရေအတွက်နဲ့ ထွက်ပြေးနေရတဲ့ကျေးရွာတွေပြောပြပေးပါလား။
ဖြေ- ၃,၅၀၀ ထက်မနည်း ရှိနေတယ်။လွယ်ကျိုင် ဆောင်လန်၊ မိုးဦး နဲ့ သစ်ပင်ကောက် ရွာတွေက ပြည်သူတွေပေါ့။နောက်ပြီး အရင်စစ်ဘေးရှောင်တွေပါ ထပ်ဆင့် စစ်ဘေးရှောင်ရတဲ့ အခြေအနေပေါ့။နောင်ဝိုးရွာ အနီးတစ်ဝိုက်မှာလည်း ပိတ်မိတဲ့ပြည်သူတွေ ရှိနေသေးတယ်။
မေး -ထပ်ဆင့် စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေအကြောင်း နည်းနည်းအသေးစိတ်ပြောပေးပါဦး။
ဖြေ-အများစုက ဖယ်ခုံ၊မိုးဗြဲ ၊ ဒီးမောဆို၊ လွိုင်ကော်က စစ်ရှောင်တွေပါ။တချို့ဆို နှစ် နှစ် နီးပါးရှိပြီ။နောက်ပြီး အခုလို ထပ်ဆင့်ထပ်ဆင့် ရွှေ့ရတာလည်း လေးငါးခါရှိနေပြီး။မိုးဦးရွာဘက်ကတော့ အခုမှ ပထမဆုံးအကြိမ်ရှောင်ရတဲ့ ပြည်သူတွေပါတယ်။
မေး-ဘယ်လိုနေရာတွေကို ရှောင်ကြရလဲ ။
ဖြေ-အနောက်ဖက်ခြမ်း အရှေ့ဖက်ခြမ်းမှာရှောင်ကြတယ်။တစ်နည်းအားဖြင့်ဒီးမော့ဆို၊ ဖယ်ခုံဘက်ပြန်ရှောင်ကြတယ်။အချို့က ညောင်ရွှေ၊အောင်ပန်း၊တောင်ကြီးသွားကြတယ်။

မေး – စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် လိုအပ်ချက်က ဘာတွေဖြစ်မလည်းဗျ။
ဖြေ- အရေးပေါ်ကယ်ဆယ်ရေး စားသောက်စရာနဲ့ ဆေးဝါးကုသပေးနိုင်ရေးအတွက် အရေးပေါ်လိုအ ပ်နေသလို မြေပြင်ကယ်ဆယ်ရေးအဖွဲ့တွေအတွက်လည်း စက်သုံးလောင်စာဆီများ အရေးပေါ်လိုအပ်လျှက် ရှိနေပါတယ်။
မေး-ဖြည့်စွက်ပြောလိုတာရှိသေးလားဗျ။
ဖြေ- စစ်ကောင်စီအနေနဲ့ အရပ်သားတွေရှိတဲ့နေရာကို အကြောင်းမဲ့ ပစ်ခတ်တာတွေ ရပ်တန့်စေချင်ပါတယ်။
