SSPP၏ ပစ်ခတ်မှုကြောင့် ကျောက်မဲတွင် စစ်ဦးစီးမှူးနှင့် တပ်ရင်းမှူး ၂ဦး အပါအဝင် TNLA ဘက်က ၆ဦး ကျဆုံး၊ သီပေါတွင် TNLA မြို့နယ်မှူး ကျဆုံး ဟု အသိပေး
စစ်ဆင်ရေးကိုနှောက်ယှက်ခြင်းမရှိ၊တော်လှန်ရေးနှင့် ပြည်သူ့အကျိုးယုတ်မည့်လုပ်ရပ်များမလုပ်ဟု SSPP တုံ့ပြန်
၀တပ်ဖွဲ့ ဦးဆောင်သည့် FPNCCသို့ တင်ပြထားပြီး အမြန်ဆုံးကြားဝင်ထိန်းသိမ်းညှိနှိုင်းမှုကို နာခံရန် စောင့်ဆိုင်းနေဟု TNLA ပြော
ဟန်နွေ/People’s Spring
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)က ရည်ရွယ်ချက်ရှိရှိ နှောက်ယှက်လျက်ရှိကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)က ယနေ့(ဇူလိုင် ၈) ထုတ်ပြန်လိုက်ပြီး SSPP၏ လုပ်ရပ်ကို ကန့်ကွက်သတိပေးသည်ဟု ဖော်ပြသည်။
ဇွန်လ ၂၅ရက်မှစ၍ TNLA၊ ကိုးကန့်(MNDAA)၊ ရက္ခိုင်(AA) တို့ ပူးပေါင်းပြီး ဘုံရန်သူ စစ်ကောင်စီ စစ်အုပ်စုကို ဟန်ချက်ညီ တိုက်ခိုက်နေစဉ် SSPP ဗဟိုခေါင်းဆောင်အချို့၏ ရည်ရွယ်ချက်ရှိရှိ ပေးသည့် အမိန့်အတိုင်း အောက်ခြေတပ်ဖွဲ့ဝင်များ၏ နှောက်ယှက်မှု အမျိုးမျိုး ဆက်တိုက်ကျူးလွန်နေကြောင်း TNLAက ထုတ်ပြန်ခဲ့ပြီး အဆိုပါလုပ်ရပ်များကို ရပ်တန့် ထိန်းသိမ်းရန် တောင်းဆိုသည်။
ထိုသို့ ထုတ်ပြန်ရာ၌ ဇူလိုင် ၅ရက်က ကျောက်မဲမြို့နယ်အတွင်း SSPP၏ ပစ်ခတ်မှုကြောင့် TNLA စစ်ဘက်အရာရှိများပါ ကျဆုံးခဲ့သည့် ဖြစ်စဉ်ကိုလည်း ဖော်ပြခဲ့သည်။

Public Service Announcement
TNLA၏ စစ်ဆင်ရေး ကြီးကြပ်သည့်အဖွဲ့မှ ကျောက်မဲမြို့ နောင်ပိန်အနီး တောင်ခြေစခန်းကို လှည့်လည် ကြီးကြပ်ရန်သွားစဉ် နောင်ပိန်လမ်းခွဲအနီးရှိ SSPP တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး ရက်စက်စွာပစ်သတ်ခြင်းခံခဲ့ရသည်ဟု ထုတ်ပြန်သည်။

ဖြစ်စဉ်တွင် TNLAစစ်ဦးစီးမှူး၏ နာမည် ပြောသံ ကြားရပြီး “ဒီနာမည်နဲ့လူဆိုရင် အပြတ်ရှင်းပစ်”ဟူသော စကားပြောစက်မှ အမိန့်ပေးပြီးနောက် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ပစ်ခတ်မှုတွင် စစ်ဆင်ရေးကြီးကြပ်သည့် ပထမတန်း စစ်ဦးစီးအရာရှိ တစ်ဦး၊ တပ်ရင်း(၄၃၄) တပ်ရင်းမှူး၊ တပ်ရင်း (၅၇၇)တပ်ရင်းမှူး နှင့် တပ်ဖွဲ့ဝင် ၃ဦး နေရာတွင် ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ထိုနေ့ ညနေတွင် သီပေါ-ကျင်သီတံတား စခန်းမှ ကျောက်မဲမြို့သို့ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ပို့ဆောင်သည့် TNLA တပ်ဖွဲ့ဝင်များ၏ ကားသည် သီပေါမြို့နယ် ကြံခင်း-ရေပူရွာ ဘုန်းကြီးကျောင်းရှေ့ ဖြတ်သန်းစဉ် SSPP တပ်ဖွဲ့ဝင်များက အုတ်တံတိုင်း အကွယ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့၍ TNLA သီပေါ မြို့နယ်မှူးနှင့် စစ်သုံ့ပန်း တစ်ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရကြောင်း TNLAက အသိပေးသည်။
ဇွန်လ ၂၅ရက်ကစတင်သည့် စစ်ဆင်ရေးတွင် သီပေါနှင့် ကျောက်မဲမြို့ နယ်များရှိ စစ်ကောင်စီတပ်များကို TNLAက ဝိုင်းရံတိုက်ခိုက်စဉ် အချို့နေရာများ၌ စစ်ကောင်စီ စစ်တပ်စခန်းများ မကျရှုံးမီ SSPP တပ်ဖွဲ့ထံ လွှဲပြောင်းပေးခြင်း၊ SSPP တပ်ဖွဲ့များက စစ်ကောင်စီတပ်ဖွဲ့များကို သယ်ယူပို့ဆောင်ပေးခြင်း၊ လမ်းကြောင်း ထွက်ပေါက် ဖွင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်ကို ကြုံရကြောင်းလည်း TNLAက ထုတ်ပြန်သည်။
TNLA၏ ထုတ်ပြန်ချက်ပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်အား ဆက်သွယ်မေးမြန်းရာ ထုတ်ပြန်ကြေညာချက်အား တရားဝင်မတွေ့ရသေးဟု ပြောသည်။(TNLA ထုတ်ပြန်ပြီး မိနစ်ပိုင်းအတွင်း ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။)
“ဒါပေမဲ့ ၁၀၂၇ စစ်ဆင်ရေးကို အနှောက်အယှက်ဖြစ်အောင်လိုက်လံတားဆီးနှောက်ယှက်တယ်ဆိုတာက ကျနော်တို့ မလုပ်ပါဘူးဗျ။ ၁၀၂၇ ပထမပိုင်းတောင်မှ တလျှောက်လုံး လိုက်လံနှောက်ယှက်တဲ့ အပြုအမူတွေအပြောအဆိုတွေ တခုမှ ကျနော်တို့ မလုပ်ခဲ့ဘူး။ အခု နောင်ပိန်(TNLA အရာရှိများ ကျဆုံးခဲ့သည့် ပစ်ခတ်မှု)ဖြစ်တဲ့ ပြဿနာကိုကွက်ပြီးမှ ဒါက ၁၀၂၇ ရဲ့ အပိုင်း(၂) ကို နှောက်ယှက်တယ်ဆိုတဲ့ လေသံမျိုးပြောလာတာက ယုတ်တ္တိမရှိဘူးပေါ့ဗျာ။ ဒါက ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ ရည်ရွယ်ချက်လည်းမရှိပါဘူး။အဲဒီလို ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ ဆန္ဒလည်းမရှိဘူး။ ဘာပဲပြောပြော တော်လှန်ရေး လုပ်တယ်ဆိုတာ ကျနော်တို့ SSAက ၁၉၆၄ ကတည်းက လုပ်လာတဲ့အဖွဲ့အစည်းဖြစ်တယ်” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)ကလည်း နမ့်ခမ်း၊ လားရှိုး၊ သီပေါ တလျှောက်လုံး လိုက်လံ နှောက်ယှက်မှု မလုပ်ခဲ့ကြောင်း SSPPက ပြောသည်။
“၁၀၂၇ ကို အကြောင်းပြပြီး တော်လှန်ရေး အဖွဲ့အစည်းအချင်းချင်း မဟာမိတ်အချင်းချင်းကို ဂုဏ်သိက္ခာ ငြိုးနွမ်းစေတဲ့ လုပ်ရပ်မျိုးက ကျနော်တို့ SSPP အပေါ်မှာ လုပ်ခဲ့တယ်ဆိုတာ သက်သေရှိတယ်ဗျာ။ရဆိုလိုရင်းက ကျနော်တို့က တော်လှန်ရေးလုပ်ဆောင်မှု မှန်သမျှကို လိုက်လံနှောက်ယှက်တာမရှိဘဲနဲ့ ကျနော်တို့ အပေါ်မှာပဲ အပြစ်ပုံချပြီးမှ နိုင်ငံရေး ဂုဏ်သိက္ခာ ညိုးနွမ်းအောင် တော်လှန်ရေးဂုဏ်သိက္ခာ ညိုးနွမ်းအောင် ပြုလုပ်လိုတဲ့ လုပ်ဆောင်ချက်တွေရှိတယ် ဆိုတာ ကျနော်တို့ သက်သေပြနိုင်တယ်” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

နောင်ပိန်ကျေးရွာပစ်ခတ်မှု အခြေအနေကို မေးမြန်းရာ ၎င်းက “နောင်ပိန်ဆိုတာ နယ်မြေကျဉ်းကျဉ်းလေး။ ကျောက်မဲ နဲ့ ဂုတ်တွင်း နောင်ချိုရဲ့ ကားလမ်းအရှေ့ဘက်ခြမ်းမှာ တည်ရှိနေတဲ့ နယ်မြေကျဉ်းကျဉ်းလေးပါ။ အဲဒါ SSPP/SSA အနေနဲ့ အခြေချလှုပ်ရှားနေတာ TNLA တင်မကပါဘူး အခြားတော်လှန်ရေးအဖွဲ့အစည်းတွေလည်းသိပါတယ်။ကျနော်တို့ တော်လှန်ရေး အော်ပရေးရှင်းလုပ်နေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မဟာမိတ် အချင်းချင်းကြားရှိနေတဲ့ ထိန်းချုပ်မှု ၊ သွားလာလှုပ်ရှားမှု ၊ နယ်မြေမှာ အပေါ်စီးကနေပြီးတော့မှ မထေမဲ့မြင်လုပ်တဲ့ ဆောင်ရွက်ချက်တွေ လာလုပ်တဲ့ဟာတွေက အကြောင်းပြပြီးမှပဲ ကျနော်တို့က ကိုယ့်ကိုယ်ကိုယ်ပေါ့လေ။ ကိုယ့်ဂုဏ်သိက္ခာကို ပြန်ပြီးထိန်းသိမ်းရမယ့် အနေအထားရှိတယ်လေ”ဟု ဖြေကြားသည်။
TNLAပူးပေါင်းတပ်များက ကျောက်မဲနှင့် သီပေါမြို့၌ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို SSPP တပ်ဖွဲ့ဝင်များက သယ်ယူပို့ဆောင်ပေးခြင်း၊ လမ်းကြောင်းဖွင့်ပေးခြင်းများ လုပ်ဆောင်ခဲ့ခြင်းရှိ၊ မရှိမေးမြန်းရာ ဗိုလ်မှူးစိုင်းဖုန်းဟန်က အာဏာသိမ်းမှုကို အကျိုးဖြစ်စေမည်၊ တော်လှန်ရေးကို အားလျော့စေမည့် လုပ်ရပ်များ မလုပ်ဟု ဖြေကြားသည်။
” ကျနော်တို့ SSPP/SSAက အာဏာသိမ်းမှုကြောင့်နဲ့ စစ်အာဏာရှင်တွေကြောင့် ပေါ်လာတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ပြီးတော့ တော်လှန်ရေးနဲ့ ပြည်သူလူထု အကျိုးဆန္ဒကို ဆန့်ကျင်ပြီးမှ တော်လှန်ရေး အကျိုးဆုတ်ယုတ်မှု၊ ပြည်သူလူထု အကျိုးဆုတ်ယုတ်မှုကို ကျနော်တို့ မဆောင်ရွက် ဘူး၊ မပြုလုပ်ဘူးဆိုတာ တိတိကျကျ ဖော်ပြဖို့လိုတာပေါ့။ ဒါကျတော်တို့ ဆန္ဒလည်းဖြစ်တယ်။ ပြီးတော့မှ လက်တွေ့လုပ်နေတဲ့ အနေအထားလည်းဖြစ်တယ် ရပ်တည်ချက်လည်းဖြစ်တယ်။”ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။
အဓိက ဦးတည်ချက်သည် အာဏာရှင် ပြုတ်ကျရေးနှင့် စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို ရည်မှန်းချက်ထား တော်လှန်ရေးလုပ်နေသည့် အဖွဲ့အစည်းဖြစ်သည်ဟုလည်း ပြောသည်။
TNLA၏ ထုတ်ပြန်ချက်တွင် မြောက်ပိုင်းညီနောင်မဟာမိတ် (၃)ဖွဲ့ သည် ယခု စစ်ဆင်ရေးမစမီ ကာလကတည်းကပင် SSPP ခေါင်းဆောင်များနှင့် ဆက်သွယ်ညှိနှိုင်းခြင်း၊ အစည်းအဝေး ပြုလုပ်ခြင်းတို့ဖြင့် အတူတကွ ပူးပေါင်း စစ်ဆင်ရန် ကြိုးပမ်းခဲ့ကြောင်း၊ သို့သော်လည်း အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်နိုင်ရန် အဆင်သင့် မဖြစ်သေးဟု SSPP ခေါင်းဆောင်များက တုံ့ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။
SSPP အနေဖြင့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဖြေရှင်းရန် နည်းလမ်းမရှိတော့၍ တိုက်ပွဲဆင်နွှဲရတော့မည်ဖြစ်ကြောင်း အဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်စိုင်းက ယခုနှစ် ဧပြီလ ၂၄ရက် SSA တပ်ဖွဲ့ ထူထောင်ခြင်းနှစ်ပတ်လည်နေ့တွင် ပြောကြားခဲ့သော်လည်း စစ်ကောင်စီကို တိုက်ခိုက်သည့် တိုက်ပွဲများ မတွေ့ရသေးပေ။ ဇူလိုင် ၃ရက်ကစတင်ခဲ့သည့် လားရှိုးတိုက်ပွဲ၌ SSPP တပ်ဖွဲ့ ပါဝင်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က ပြောကြားထားသော်လည်း SSPP ဘက်က ငြင်းဆိုခြင်း၊ အတည်ပြုခြင်းမပြုသေးပေ။
TNLA၏ ထုတ်ပြန်ချက်တွင် ၎င်းတို့အနေဖြင့် ညီနောင်မဟာမိတ်အဖွဲ့များနှင့် လက်တွဲကာ စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် စစ်ဆင်ရေးများကို တော်လှန်ရေးအင်အားစုများနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအသိပေးသည်။
ထို့အပြင် ယခု SSPPနှင့် ဖြစ်ပွားသည့် ပြဿနာ အပါအဝင် ပြဿနာများကိုလည်း ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ-FPNCC( ၀တပ်ဖွဲ့ UWSA ဦးဆောင်ပြီး TNLA၊ SSPP၊ KIA၊ MNDAA၊ AA၊ NDAA တို့ စုပေါင်းထားသည့် မဟာမိတ်တပ်ပေါင်းစု)သို့ တင်ပြထားကြောင်း၊ အမြန်ဆုံး ကြားဝင် ထိန်းသိမ်း ညှိနှိုင်းမှုကို နာခံဆောင်ရွက်ရန် စောင့်ဆိုင်းလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
