စစ်ကောင်စီတပ် အရာရှိကတော်များ သယ်ထုတ်စဉ် တိုက်ခိုက်ခံရခြင်းဖြစ်ဟု စစ်ရေးသတင်းရင်းမြစ်ပြော
ကိုးကန့်တပ် သိမ်းထားသည့် ခမရ(၅၀၇)တပ်ကို စစ်ကောင်စီ ပြန်ထိုးစစ်ဆင်၍ ပြန်လည်ဆုတ်ခွာရ
လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းလားရှိုး ရမခ စစ်တိုင်းရှိ အရာရှိ ကတော်များနှင့် တပ်မိသားစုဝင်များကို ရဟတ်ယာဉ်ဖြင့် သယ်ထုတ်စဉ် ကိုးကန့်တပ်(MNDAA)က ဒရုန်းဖြင့် ဗုံးကြဲချ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှု ရုပ်သံမှတ်တမ်းကိုလည်း သတင်းရင်းမြစ်က ယနေ့ ဇူလိုင် ၈ရက် မွန်းလွဲပိုင်း၌ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။
“ရမခ စစ်တိုင်း ရဟတ်ယာဉ်ကို ဒရုန်းတိုက်ခိုက်ခံရတာ ဟုတ်တယ်။ တင်ထားတဲ့အတိုင်းပဲ ။ ဒီမနက်လို့ ပြောတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

ရုပ်သံတွင် စစ်ရဟတ်ယာဉ်တစ်စီး မြေပေါ် ဆင်းသက်စဉ် အနီးဝန်းကျင်ရှိ ခန့်မှန်း လူဦးရေ ၃၀ ကျော်က ရဟတ်ယာဉ်ပေါ် တက်ရောက်နေသည်ကို တွေ့ရပြီး ရဟတ်ယာဉ်အနီး အဆိုပါလူများ စုစည်းရောက်ရှိစဉ် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့သည်။
ထိုသို့ ပေါက်ကွဲထိခိုက်သူအချို့ရှိခဲ့ပြီး ထွက်ပြေးသူများကိုလည်းတွေ့ရသည်။ စက်နှိုးထားသည့် စစ်ရဟတ်ယာဉ်သည်လည်း ချက်ချင်းပျံတက်သွားသည်ကိုလည်း တွေ့ရသည်။
ရမခ အခြေစိုက်ရာ လားရှိုးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့ ဇူလိုင် ၇ရက်ညပိုင်းက စစ်ကောင်စီ၏ ခမရ(၅၀၇) တပ်ရင်းကို ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်။
သို့ရာတွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်၍ ယနေ့ ဇူလိုင် ၈ရက်မနက်တွင် MNDAAနှင့် မဟာမိတ်တပ်များ ပြန်လည်ဆုတ်ခွာပေးလိုက်ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ခမရ(၅၀၇) တပ်ရင်းဌာနချုပ်အား စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ် နိုင်ပြီး အလံ လွှင့်ထူနေသည့် ရုပ်သံမှတ်တမ်းကိုလည်း စစ်ကောင်စီ ဝါဒဖြန့် အကောင့်များက လူမှုကွန်ရက်၌ ဖော်ပြခဲ့သည်ကိုတွေ့ရသည်။
MNDAAနှင့် မဟာမိတ်တပ်များသည် လားရှိုးမြို့သိမ်းတိုက်ပွဲကို စစ်ကြောင်း ၅ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး မြို့ပေါ်နှင့် မြို့အနီး တဝိုက်တွင် ရင်ဆိုင်တိုက်ပွဲ၊ ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများဖြင့် စစ်ဆင်ရေးစတင်ချိန်မှာ ယနေ့အထိ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
