အာရုဏ်ဦး/People’s Spring
ပဲခူးမြို့ ၊ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်အား စစ်ကောင်စီတပ်က ပစ်ခတ်၍ ပျံလွန်ခဲ့သည်မှာ ၈ ရက်ရှိပြီဖြစ်သည်။
ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ခုနစ်ရက်တာထားရှိ အပူဇော်ခံ၍ ဇွန်လ ၂၇ ရက်နေ့တွင် လောင်တိုက်သွင်း စျာပနချမည်ဟု ကျင်းပရေးကော်မတီက အသိပေးကြေညာထားသည်။
ဝင်းနိမ္မိတာရုံဆရာတော်သည် သက်တော် ၇၈ နှစ် သိက္ခာတော် ၅၀ ဝါရှိပြီး ဇွန်လ ၁၉ ရက် နံနက်က မန္တလေးတိုင်းငါန်းဇွန်မြို့နယ် ငါန်းဇွန်- မြို့သာလမ်းပိုင်း၌ စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်မှူကြောင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။

Public Service Announcement
စာသင်၊ စာချ၊ ကျမ်းပြုဆရာတော်ကြီးမှာ စစ်ကောင်စီတပ်လက်ချက်ကြောင့် ဘဝတစ်ခု ရုပ်သိမ်းချုပ်ငြိမ်းသွားပြီဖြစ်သော်လည်း ဆရာတော်၏ တပည့်ဒါယကာတို့မှာ အပူမီးမငြိမ်းနိုင်ကြသေးပေ။
ဆရာတော်ကြီးအား ကြည်ညိုရင်းစွဲရှိသူများမှာ ယခုဖြစ်ရပ်အပေါ် မခံမရပ်နိုင်ဖြစ်ကြရသည်။ ထို့ကြောင့် ၎င်းတို့၏ မကျေနပ်ချက်များကို လူမှုကွန်ယက်ပလက်ဖောင်းများပေါ် ရေးသားဖြန့်ဝေကြရာ စစ်ကောင်စီက ဖမ်းဆီးနေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူများမှာ ဆယ်နှင့်ချီရှိနိုင်ပြီး နေအိမ်၊ ဆိုင်ခန်းအချို့ပါ ချိတ်ပိတ်ခံရသူများလည်းရှိကြောင်း ပဲခူးမြို့ခံများနှင့် စစ်ကောင်စီတပ်တွင်း သတင်းရင်း မြစ်အချို့က ပြောသည်။
“အဖမ်းခံရတာမှ အများကြီးပဲ။ လူဦးရေ ၇၀၊ ၈၀ လောက်တောင် ရှိမယ်ထင်တယ်”ဟု ပဲခူးအခြေစိုက် စစ်ကောင်စီတပ်တွင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီက ယခုလိုလိုက်လံဖမ်းဆီးနေခြင်းမှာ ဆရာတော်ကြီး သေနတ်ဖြင့် ပစ်သတ်ခံရသောဖြစ်ရပ်မှ သံဃာတော်များ ကပါ စစ်ကောင်စီကို ဆန်ကျင်လာမည်ကို စိုးရိမ်နေသောကြောင့်ဖြစ်သည်။ ပြည်သူများ အခက်ကြုံလာသောအခါသံဃာတော်များက ရှေ့ထွက်၍လမ်းလျှောက်မေတ္တာပို့ရာမှ ကမ္ဘာကျော် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ စစ်အုပ်စုကို ယနေ့အထိခြောက်လှန့်နေဆဲဖြစ်သည်။ထိုကြောင့် နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင်လည်း ရှုံးပွဲဆက်နေပြီး စစ်ရေးအထိနာနေချိန် ၊ တိုင်းပြည်စီးပွားရေးတွင်လည်း စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများ ကြောင့်နိုင်ငံ့စီးပွား အချိန်တိုအတွင်းဆိုးရွားစွာကျဆင်းပျက်စီးနေချိန် တွင် သံဃာတော်များကပြည်သူနှင့်အတူရပ်တည်ပြီး စစ်ကောင်စီကိုသပိတ်မှောက်မည်ကို စစ်ကောင်စီစိုးရိမ်နေခြင်းဖြစ်သည်။
ထို့ကြောင့် ဆရာတော်သီတင်းသုံးခဲ့သော ဝင်းနိမိတ္တာရုံကျောင်းတိုက်အတွင်းအပြင်၌ လုံခြုံရေးတင်းကြပ်ထားသည်ကို ပဲခူးမြို့ခံများနှင့် တပ်တွင်းသတင်းရင်း မြစ်များထံမှ စုံစမ်းသိရသည်။
“ကျောင်းတိုက်အပြင်စည်းမှာ တပ်အင်အား လေး၊ငါးဆယ်လောက် ချထားတယ်။ အတွင်းစည်းမှာတော့ လှည့်ကင်း၊ ပတ်ကင်း သူ့တာ ဝန်နဲ့သူ ရှိတာပေါ့”ဟု စစ်ကောင်စီတပ်တွင်းသတင်းရင်းမြစ်တစ်ဦးကပြောသည်။
ပျံလွန်တော်မူပြီး တတိယမြောက်နေ့တွင် ဆရာတော်ကြီး၏ ရုပ်ကလပ်အား သွား ရောက်ဖူးမျှော်ခဲ့သည့် ပဲခူးမြို့ခံ အမျိုးသမီးတစ်ဦးကလည်း ၎င်းတို့သွားရောက်ချိန်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကျောင်းဝန်းအတွင်းအပြင်၌ အရပ်ဝတ်နှင့်ရော ယူနီ ဖောင်းများဖြင့်ပါ တွေ့ခဲ့ရသည်ဟု ပြော သည်။

“အထဲကို ဝင်ဖူးလို့ရတယ်။ ဘာမှတော့ မလုပ်ဘူး။ ဒါပေမဲ့ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)ရှိနေတော့ လူတွေက ရှိန်တာပေါ့”ဟု အဆိုပါအမျိုးသမီးက သူ့အတွေ့အကြုံကို ပြော သည်။
သံဃာတော်များက သပိတ်မှောက်မည်ကိုကြောက်သောစစ်ကောင်စီသည် ဝင်းနိမိတ္တာရုံဆရာတော် ပျံလွန်စတွင် PDFများက ပစ်သတ်သည်ဟုလိမ်ညာခဲ့ပြီး ဖြစ်စဥ် ကိုယ်တိုင်ကြုံခဲ့သော ကံသုံးဆင့် ဆရာတော်၏ အဖြစ်မှန်အတိုင်းမိန့်ကြားချက်များကြောင့်လိမ်မရတော့ချိန်တွင် စစ်ကောင်စီပြန်ကြားရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ကသတ်ကြောင်းဝန်ခံတောင်းပန်သည်။သို့သော် PDF များကို သွယ်ဝိုက်၍အပစ်ဖို့ကာ မလိမ်တပါတ်ဖြင့် ဝန်ခံခဲ့ခြင်းဖြစ်သည်။
ထိုအပြင် အာဏာသိမ်းခေါင်းဆောင် နှင့် ပလဲနံပသင့်သော သီတဂူဆရာ တော်ကိုယ်တိုင်ကြွ၍ ဝင်းနိမိတ္တာရုံဆရာတော် ပျံလွန်သည့်ဖြစ်စဥ်အပေါ် သည်းခံမေ့ပျောက်ကြရန် သြဝါဒစကား၌ ထည့်သွင်းမိန့်ကြားခဲ့သည်ကို တွေ့ရသည်။
ထိုအခါ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူအများမှာ သီတဂူဆရာတော်၏ မိန့်ကြားချက်ကို များစွာအံ့အားသင့်ကြပြီး ပို၍ မခံမရပ်နိုင်ဖြစ်လာကြသည်။ သို့ဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ကြရန် ဆော်သြမှုများပင်ရှိလာသည်။
ထို့ကြောင့် စစ်ကောင်စီသည် လက်ရှိနွေဦးတော်လှန်ရေးဖြစ်စဥ်နှင့် ဆရာတော်ကြီးပျံ လွန်တော်မူရသည့်ဖြစ်စဥ်တို့ ရောထွေးကာ ၎င်းတို့ကို ဆန့်ကျင်လာမည့် နိုင်ငံရေးလှိုင်းလုံးအား အရှိန်တန့်သွားစေရန် အဘက်ဘက်မှ ကြိုးပမ်းလျှက်ရှိသည်။
သီတဂူဆရာတော်ကရှေ့ထွက်၍ စစ်အုပ်စုကို ခွင့်လွတ်မေ့ပျောက်ကြရန် ကာကွယ်ပေးပြီးနောက်မှာပင် စစ်ကောင်စီ၏သာသနာရေးဝန်ကြီးက ထပ်လာ၍ တောင်းပန်ပြန်သည်။
ပဲခူးမြို့နယ်အခြေစိုက် တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက “အပေါ်ပိုင်းက အခုဖြစ်နေတဲ့ နိုင်ငံရေးနဲ့ သံဃာအရေးကို ရောမသွားစေချင်ဘူး။ သပ်သပ်စီခွဲပြီး ကန့်ထားနိုင်ဖို့ ညှိနေတယ်”ဟု စစ်ကောင်စီ၏ အကြံအစည်ကို ပြောပြသည်။

ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပစ်သတ်ခံရပြီး လေးရက်အကြာ ဇွန် ၂၃ ရက်မှာပင် မြင်းခြံမြို့ ၊ အမှတ် ၁၈ ရပ်ကွက် ၊ဝန်ထမ်းကွက်သစ်ရပ်ကွက်တွင် စစ်တပ်နှင့် ပျူစောထီးများကသေနတ်ဖြင်ပစ်သတ်၍ ဆခမကျေးရွာမှဆရာတော်တစ်ပါးထပ်မံပျံလွန်ခဲ့ပြန်သည်။
ထိုအပြင်ဇွန် ၁၉ ရက်နေ့မှာပင်စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်သည် ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအုပ်စု လွယ်ကျိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးများ ဒရုန်းများဖြင့် တိုက်ခိုက်ရာ သက်တော် ၃၉ နှစ်အရွယ်ရှိကျောင်းထိုင်ဆရာတော်ဦးနေမိန္ဒ ပျံလွန်တော်မူခဲ့သည်။
ထိုအပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီက ပြည်သူနှင့်အတူရပ်တည်သော သံဃာတော်များကို သတ်ဖြတ် ၊ဖမ်းဆီးထောင်ချသောအရေအတွက်မှာလည်းအရေအတွက်မနည်းမနောရှိခဲ့သည်။
သို့ဖြစ်ရာ သံဃာ တော်များအား အကြမ်းဖက် ပစ်ခတ်သတ် ဖြတ်နေသော စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်ကြရန် ဆော်သြသံများ ပိုမိုကျယ်လောင်လာသည်။
ဇွန် ၂၃ ရက်တွင်စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှ သံဃာတော်များ ၊ ဇွန် ၂၄ ရက်တွင် ဒီပဲယင်းမြို့နယ်ရှိ သံဃာ တော်များ၊ ဇွန် ၂၅ ရက်တွင် ဆားလင်းကြီးမြို့နယ်နှင့် တန့်ဆည်မြို့နယ်မှ ဆရာတော်များ ၊ ဇွန် ၂၆ ရက်တွင် စစ်ကိုင်းမြို့နယ်မှသံဃာတော်များက စစ်ကောင်စီကို ကံဆောင်သပိတ် ပြုလုပ်နေကြပြီဖြစ်သည်။
၀င်းနိမ္မိတာရုံဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားခြင်းသည် သာသနာတော်နှင့် နိုင်ငံတော်အတွက် လွန်စွာကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သို့ ရဟန်းရှင်လူပြည်သူအပေါင်း လာရောက်ကြည်ညိုကြပါရန် အန္တိမအဂ္ဂိဈာပန ဖြစ်မြောက်ရေးကော်မတီက ဖိတ်ကြားထားသည်။
ဇွန်လ ၂၇ ရက် နေ့လယ် ၁၂ နာရီတွင် ပဲခူးမြို့ ကလျာဏီရပ်ကွက် ၀င်းနိမ္မိတာရုံကျောင်းရှိ ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား ဆင်ဖြူကွင်းသုဿန်သို့ ပို့ဆောင်မီးပူဇော်ပြီး အန္တိမအဂ္ဂိဈာပန ပြုလုပ်မည်ဟု ဈာပန ဖြစ်မြောက်ရေးကော်မတီက အသိပေးထားသည်။
ထိုအပြင် ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်များကလည်း စစ်ကောင်စီသည် ဗုဒ္ဓဘာသာနှင့် မြန်မာ့လူ့အဖွဲ့အစည်းကို အလုံးစုံဖြိုချခြင်း(Year Zero)ကိုလုပ်ဆောင်လာ၍ အလျှော့မပေးစတမ်းခုခံကြရန်နှင့် သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်ကြရန် ဇွန်လ ၂၄ ရက်တွင် ကြေညာချက်ထုတ်ပြန် လျှောက်ထားခဲ့သည်။
ထိုကြေညာချက်ထွက်လာသည့် ဇွန်လ ၂၄ ရက်မှာပင် ဆရာတော်ကြီးပစ်သတ်ခံရသည့်အပေါ် စစ်ကောင်စီကိုယ်စား သာသနာရေးဝန်ကြီးဦးတင်ဦးလွင်လာရောက်၍ တောင်း ပန်ခံခြင်းအပေါ် ပဲခူးမြို့ ကြခတ်ဝိုင်းဆရာတော်ကြီးက ယခုကဲ့သို့ ပြန်လည်မိန့်ကြားထားသည်။
“ဝမ်းနည်းဖွယ်ရာ၊ ကြေကွဲဖွယ်ရာ၊ မေ့ပျောက်ဖွယ်ရာတော့ မဖြစ်နိုင်ဘူး။ ဝမ်းနည်းပါတယ်။ ကြေကွဲပါတယ်။ မမေ့ပျောက်နိုင်ဘူး” ။ ။
(ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပြုလုပ်ရန် ပြင်ဆင်နေသည်ကို ဆရာတော်ကြီး၏ညတပည့်သံဃာတော်များကကြည့်ရှုစစ်ဆေးနေကြစဥ်/ စစ်ကိုင်းတိုင်းညချောင်ဦး ၊ဒီပယင်း ၊စစ်ကိုင်းမြို့နယ်မှသံဃာတော်များက စစ်ကောင်စီကို ကံဆောင်သပိတ်ပြုလုပ်စဥ်။ဓါတ်ပုံ-CJ )
